တင်ဇာမော်တကိုယ်တော်ရှိုးပွဲလက်မှတ် ကျပ် ၅၀၀၀၀ ဖြင့် စတင်ရောင်းချ
DVB
·
December 12, 2019
ဝါရင့် အဆိုတော် တင်ဇာမော်ရဲ့ တကိုယ်တော် တေးဂီတဖျော်ဖြေပွဲကို လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ည ရန်ကုန်မြို့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
ဒီပွဲကိုတော့ Sky Star ဟိုတယ်မှာ လာမယ့် ၂၀၂၀ ပြည့် နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ည ၈ နာရီမှာ စတင်ကျင်းပသွားမှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။
ကန့်သတ်အရေအတွက်နဲ့သာ ဝယ်ယူရရှိနိုင်မယ့် ရှိုးပွဲလက်မှတ်တွေကိုတော့ ကျပ် ၅ သောင်းနဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က စတင်ပြီးတော့ ရောင်းချနေတာပါ။
အသက် ၄၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် တင်ဇာမော်ဟာ ၁၉၉၃ ခုနှစ်မှာ ကျင်းပတဲ့ ဦးစောနုသီချင်းဆိုပြိုင်ပွဲကနေတဆင့် ပထမဆုရရှိခဲ့ပြီး ဂီတလောကထဲကို ရောက်ရှိလာခဲ့တာပါ။
၁၉၉၅ ခုနှစ်မှာတော့ ‘စွဲလန်းမှုပြဿနာ’တကိုယ်တော်တေးအယ်လ်ဘမ် ထွက်ရှိခဲ့ပြီး အဲဒီ နောက်အချိန် ၂ နှစ်အကြာ ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြင်နာသူနှစ်ဦး ဆုံနိုင်ရင်’ကတော့ သူ့ကို တင်ဇာမော်လို့ သိသွားစေခဲ့တဲ့ တေးအယ်လ်ဘမ်ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် ၁၉၉၉ ခုနှစ်မှာတော့ ‘အချစ်ကျောင်းသူ’၊ ထွန်းအိန္ဒြာဗို၊ မဒီတို့နဲ့ အတွဲ ခွေအဖြစ် ထွက်ရှိခဲ့တဲ့ ‘သုံးယောက်စကား’၊ ထွန်းအိန္ဒြာဗိုနဲ့ ၂ ယောက်တွဲ ထွက်ရှိခဲ့တဲ့ ‘မျက်စိမှိတ်ပြီး ချစ်လိုက်ပါ’စတဲ့ တေးအယ်လ်ဘမ်တွေဟာလည်း ထင်ရှားပါတယ်။
အဲဒီနောက်မှာတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော်’၊ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြယ်စင်လိုအချစ်များ’၊ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင် ဇာမော်ရဲ့ တင်ဇာမော် ၂’စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီးနောက်မှာ ဂီတလောက ကနေ နှစ်အတန်ကြာ ပျောက်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ ‘ကိုယ့်မွေးနေ့’အမည်နဲ့ တကိုယ်တော်တေးဂီတဖျော် ဖြေပွဲနဲ့ အတူ တကျော့ပြန်ဝင်ရောက်လာခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ တကျော့ပြန်တင်ဇာမော်ကို ပရိသတ်တွေ အသိအမှတ်ပြု ကြရတဲ့ ‘Seven’ဆိုတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့အတူ တေးဂီတဆုတွေ ရရှိခဲ့ပါ တယ်။
၂၀၁၇ ခုနှစ်မှာပဲ Myanmar Idol Season 2 ရဲ့ ဒိုင်တဦးအဖြစ်ပါဝင်ခဲ့ကာ လက်ရှိ Season 4 မှာလည်း အောင်ကိုလတ်၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ ဒိုင်တဦးအနေနဲ့ ပါဝင်တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။