Home
မြန်မာသတင်း
ကျည်ကာယာဉ် ၂ စီးသာဝယ်ယူရန် ဝန်ကြီးဟောင်းအကြံပြု
DVB
·
December 11, 2019
နိုင်ငံတော်အကြီးအကဲတွေနဲ့ နိုင်ငံတော်အဆင့်ဧည့်သည်တွေအတွက် ကျည်ကာယာဉ် ၆ စီးဝယ်ယူမဲ့‌နေရာမှာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အတွက်သာ ကျည်ကာယာဉ် ၂ စီးဝယ်ဖို့ သမ္မတရုံး ဝန်ကြီးဟောင်းက အကြံပြုလိုက်ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေနဲ့ နိုင်ငံတော်အဆင့်ဧည့်သည်တွေရဲ့ ခရီးစဉ်တွေမှာအသုံးပြုဖို့ Toyota Land cruis er(Bullet Proof) (2020) ၆ စီး ဝယ်ယူဖို့နဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ကြပြီး ကယားပြည်နယ်မဲဆန္ဒနယ် လွှတ်တော်အမတ် အရင် အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းက အခုလို အကြံပြု ထောက်ခံဆွေးနွေးခဲ့တာပါ။ ဘက်ဂျက်လိုငွေ နှစ်တိုင်းဖြစ်ပေါ်နေတဲ့သလို မလိုအပ်တဲ့ အသုံးစရိတ်တွေ လျော့ချရမှာဖြစ်တဲ့အတွက် အခုလို တင်ပြရတာလို့ ဆိုပါတယ်။ “ECC မှာ လက်ရှိ Bullet Proof မာစီဒီးယာဉ်နှစ်စီး ဝယ်ယူထားတာ သိရပါတယ်။ ခြောက်စီးလိုပါသလား၊ နိုင်ငံတော်အတိုင်ပင်ခံရယ်၊ သမ္မတကြီးရယ် အတွက် နှစ်စီးဆိုရင် ရမယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ ကျနော်အမြင် တင်ပြခြင်းဖြစ်ပါတယ်။ ဒုသမ္မတတွေ မစီးပါနဲ့ဦး၊ ဒုတယသမ္မတတွေ ခဏနေပါဦး လို့ပြောချင် တယ်” လို့ ဦးစိုးသိန်းက ပြောပါတယ်။ အခုလို ၂ စီးပဲဝယ်မယ်ဆိုရင် ၄ စီးစာ အခွန် အမေရိကန်ဒေါ်လာ ၅ သိန်းလောက် သက်သာသွားမှာဖြစ်ပြီး ဂျာမနီနိုင်ငံထုတ် Bullet Proof ကို ရွေးချယ်သင့်တယ်လို့လည်း အကြံပြုပါတယ်။ “ကျနော်တို့နိုင်ငံက မချမ်းသာသေးဘူး။ ဒါဆိုရင် လေးစီးစာ အမေရိကန်ဒေါ်လာ ၅ သိန်းလောက် သက်သာသွားနိုင်ပါတယ်။ အခွန်လျော့ပေးရတာလည်း သက်သာသွားမယ်လို့ ကျနော်ရဲ့ အမြင်ကို တင်ပြခြင်း ဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ဌာနကိုလည်း ရွေးချယ်ဖို့လိုပါတယ်။ ဂျာမနီနိုင်ငံထုတ် Bullet Proof က ကွာလတီ ပိုကောင်းတယ်။ တိုယိုတာလန်ခရူဇာကတော့ Bullet Proof ယာဉ်ထုတ်လုပ်မှုမှာ နာမည်သိပ် မရှိလှဘူးလို့ မြင်မိတယ်။ ဂျာမနီနိုင်ငံက မာစီဒီးတွေ ဝယ်မယ်ဆိုရင်တော့ ပိုပြီးတော့ ထိရောက်မယ်လို့လည်း မြင်ပါတယ် ” လို့ ဆိုပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်နဲ့ ဝယ်ယူမယ့်ယာဉ် ၆ စီးအတွက် ကျသင့်မယ့် အထူး ကုန်စည်ခွန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၇၉၆ သိန်း နဲ့ ကုန်သွယ်လုပ်ငန်းခွန် အမေရိကန်ဒေါ်လာ သုည ဒ သမ ၅၅၁၉ သိန်းတို့ကို ကင်းလွတ်ခွင့်ပြုဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တင်ပြထားပါတယ်။ ဒီ Toyota Land cruiser(Bullet Proof) (2020) ၆ စီး ဝယ်ယူခွင့်အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန် ကြီးဌာနရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းအသုံးစရိတ်မှာ ကျပ် ၁၂၄၉ ဒသမ ၉၉၈ သန်း ခွင့်ပြုထားပြီးလည်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံမော်တော်ယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီကနေ ရန်ကုန်ဆိပ်ကမ်းအရောက်တန်ဖိုး (CIF Yangon) စျေးနှုန်းနဲ့ တိုက်ရိုက်မှာယူတဲ့စနစ်ဖြင့် ဆောင်ရွက်သွားမှာဖြစ်ပြီး ဆိပ်ကမ်း အရောက်တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၅၉၂ သိန်းဖြစ်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024