ရက်ဖို့ဒ်ဟာ ရော်နယ်ဒိုလို ထိပ်တန်းကစားသမား ဖြစ်လာနိုင်ဟု နည်းပြဆိုးလ်ရှား ပြော

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ဖို့ဒ်ဟာ Ballon d’Or ငါးဆုရှင် စီရော်နယ်ဒိုလို ဖြစ်လာဖို့ လိုအပ်တဲ့ အရည်အချင်းအားလုံးကို ပိုင်ဆိုင်ထားတယ်လို့ ယူနိုက်တက်မန်နေဂျာ အိုလေဂန်နာ ဆိုးရှားက ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒါဘီပြိုင်ဘက် မန်ချက်စတာစီးတီးကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ချေမှုန်းနိုင်ခဲ့ပြီး ဒီပွဲမှာ တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ဒီရာသီဂိုး အရေအတွက်ဟာ ၁၀ ဂိုးအထိ ရှိလာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရက်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ အမြင့်ဆုံး ဂိုးသွင်းမှတ်တမ်းကို အခုရာသီ ရာသီဝက်ကာလမှာတင် လိုက်မီသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် အရွယ်သာရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟာ နိုင်ငံအသင်းနဲ့ ကလပ်အသင်းတို့အတွက် သူ့ရဲ့ နောက်ဆုံး ၁၄ ပွဲမှာ ၁၃ ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြနေတာဖြစ်ပြီး ဆိုးလ်ရှားကတော့ ရက်ဖို့ဒ်မှာ ရော်နယ်ဒိုနဲ့ တူညီတဲ့အချက်တွေကို မြင်တွေ့နေရပြီလို့ ပြောပါတယ်။ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းအတွက် ၆ နှစ်တာ ကာလအတွင်း ၂၉၂ ပွဲမှာ ၁၁၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ “သူတို့နှစ်ဦးကို နှိုင်းယှဉ်ဖို့ဆိုတာ မခက်ပါဘူး။ ဒီကစားသမား နှစ်ဦးစလုံးဟာ စကေး၊ ခန္ဓာကိုယ် တည်ဆောက်ပုံ၊ စိတ်အားထက်သန်မှု၊ အရည်အသွေးနဲ့ အားလုံးနီးပါး တူညီကြပါတယ်။ ရက်ဖို့ဒ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာနိုင်ဖို့ အခွင့်အရေး အပြည့်အဝရှိ‌နေပြီးတော့ သူ့အနေနဲ့ လက်ရှိအခြေအနေအတိုင်း ဆက်လက်တိုးတက်လာဖို့ ‌မျှော်လင့်ကြရအောင်” လို့ ဆိုးလ်ရှားက ပြောပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မီဒီယာတွေရဲ့ အာရုံစိုက်ခြင်းကိုခံခဲ့ရတဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ဂိုးရှေ့မှာ တည်ငြိမ်မှုအားနည်းသူအဖြစ် အစပိုင်းက ဝေဖန်ခံခဲ့ရပေမယ့် ဆိုးလ်ရှားလက်ထက်မှာတော့ သိသိသာသာ တိုးတက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ရက်ဖို့ဒ်ဟာ အခုထက်ပိုပြီး တိုးတက်လာနိုင်စရာ ရှိနေသေးတယ်လို့လည်း ဆိုးလ်ရှားက ပြောပါတယ်။ “သူ့မှာ ဂိုးသွင်းနိုင်ဖို့အတွက် အပြုသဘောဆောင်တဲ့ သဘောထား ထားရှိနိုင်နေသရွေ့ သူ ဂိုးတွေ သွင်းနေနိုင်ဦးမှာပဲ” လို့လည်း ဆိုးလ်ရှားက ပြောပါတယ်။ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာရှိနေပြီး လာမယ့် ကြာသပတေးနေ့မှာ အဇက်အယ်ခမာအသင်းနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ ကစားရဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up