ဖျာပုံ ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းတွင် ဖောင်ဦးစီးကို နောက်လိုက်က ဓားဖြင့်ခုတ်သတ်
DVB
·
December 11, 2019
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာ ပင်လယ်ကမ်းစပ်အနီး ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းခွင်မှာ ကျားဖောင်ဦးစီးကို ကျားဖောင်နောက်လိုက် တဦးက ထင်းခွဲဓားမနဲ့ အကြိမ်ကြိမ်ခုတ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေါ်ညိမ်းနယ်မြေရဲစခန်းမှူး ထံမှ သိရပါတယ်။
ဒီဇင်ဘာ ၈ ရက် ညပိုင်းက ဖျာပုံမြို့နယ် ခါးပြတ်ကျေးရွာပင်လယ်ကမ်းစပ်နဲ့ ရေမိုင် ၆၅ မိုင်လောက် ကွာဝေးတဲ့ အင်္ဂလန်ကမ်းဝေး ကျားဖောင်ပေါ်မှာ အိပ်ပျော်နေတဲ့ ဖောင်ဦးစီး သန့်ဇော် (၅၃)နှစ်ကို ဖောင်နောက်လိုက် မင်းထက်စိုး (၁၉)နှစ်က အလုပ်ခွင်မှာ အနားမပေးဘဲ ခိုင်းစေမှု အပေါ် မကျေမနပ်ဖြစ်ကာ ဖောင်ပေါ်ရှိ ထင်းခွဲဓားမတို့နဲ့ အကြိမ်ကြိမ်ခုတ်ခဲ့တဲ့အတွက် ဖောင်ဦးစီး မှာ ကျားဖောင်ပေါ်မှာ သေဆုံးခဲ့တာပါ။
ဓားနဲ့ခုတ်ခံရတဲ့ ခါးပြတ်ကျေးရွာနေ ဖောင်ဦးစီးသန့်ဇော်ဟာ ဦးခေါင်းထိပ် (၃)လက်မခန့် ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲဘက်နားထင်/ နားရွက်နဲ့ ဝဲဘက်လည်ပင်းတို့မှာ (၄)လက်မခန့်ရှိ ပြတ်ရှဒဏ်ရာ(၁၀)ချက်၊ ယာဘက်ဂုတ်ပိုးမှ ကျောကုန်းအထိ (၆) လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်၊ ကျောကုန်းတွင် (၃)လက်မခန့်ရှိ ပြတ်ရှဒဏ်ရာ(၄)ချက်တို့ ရရှိကာ သေဆုံးနေတာကို တွေ့ရှိခဲ့ရကြောင်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
သေဆုံးသူကို ငါးပေါင်းစက်လှေဦးစီး ကိုလှိုင်မင်းထွန်းက ငါးပေါင်းစက်လှေနဲ့ ဒီဇင်ဘာလ ၈ ရက်ညပိုင်းမှာ ဒေါ်ညိမ်းပင်လယ်ကမ်းခြေသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ဒီဇင်ဘာ ၁၀ ရက် မနက် ၈ နာရီခွဲမှာ ကမ်းသို့ပြန်လည်ရောက်ရှိပြီး ဒေါ်ညိမ်းတိုက်နယ်ဆေးရုံသို့ ရောက်ရှိလာခဲ့ပါတယ်။ ဒီနောက် ရဲအရာခံ တင်ထွန်းက ရဲဆေးစာပေးပို့ခဲ့ရာမှာ တာဝန်ကျဆရာဝန်က လက်ခံ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး သန့်ဇော်ရဲ့ အလုပ်ရှင်ဖြစ်သူ ကိုစိုးပိုင်(၃၈)နှစ်က ဥပဒေအရ အရေးယူပေးဖို့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တရားလို ပြုလုပ်တိုင်တန်းခဲ့တဲ့အတွက် အမာမြို့ ဒေါ်ညိမ်းကျေးရွာအုပ်စုနေသူ မင်းထက်စိုးကို ဒေါ်ညိမ်းနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ဖမ်းဆီးစစ်ဆေးနေပါတယ်။
သတင်း- ကျော်စိုးမိုး