လန်ဒန်မြို့၌ ရာသီဥတုအရေး လှုပ်ရှားသူများက ကွန်ကရစ်တုံးတွင် လက်ကို ကော်ဖြင့်ကပ်ပြီး ဆန္ဒပြ
ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ် လမ်းမတခုမှာ Extinction Rebellion လို့ အမည်ရတဲ့ ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူတွေဟာ သူတို့ရဲ့လက်တွေကို ကွန်ကရစ်တုံးမှာ ကော်ကပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဒီဇင်ဘာ ၉ ရက် မနက်အစောပိုင်းမှာ အစိမ်းရောင် ဆင်တူဝတ်စုံ ဝတ်ဆင်ထားကြတဲ့ ဆန္ဒပြသူတချို့ဟာ လမ်းပိတ်ပြီး သူတို့ရဲ့လက်တွေကို ကွန်ကရစ်တုံးတွေမှာ ကော်နဲ့ ကပ်ခဲ့ကြတာပါ။
လန်ဒန်မြို့လယ်ကောင်မှာ လေထုညစ်ညမ်းမှုညွှန်းကိန်း မြင့်တက်နေတာကို သတိပြုမိအောင်လို့ အခုလို ဆန္ဒထုတ်ဖော်တာလို့ အဲဒီတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
လန်ဒန်မြို့မှာ နေ့စဉ်နေ့တိုင်း ရောဂါအမျိုးမျိုးကြောင့် လူ ၂၅ ယောက် သေဆုံးနေကြရတယ်လို့လည်း သူတို့က ပြောပါတယ်။
လန်ဒန် ရဲတပ်ဖွဲ့က ဆန္ဒပြ တက်ကြွလှုပ်ရှားသူတွေကို ကော်တွေ ခွာပေးပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။