နှစ်ရက်အတွင်း ယူကျုဘ်ပေါ်ကြည့်ရှုသူ ၁၅ သန်းနီးပါး ရှိနေသည့် စူပါဟီးရိုးရုပ်ရှင်-Wonder Woman 84 (နမူနာ)

လာမယ့်နှစ်ထဲ ရုံတင်ပြသသွားဖို့ ရှိနေတဲ့ နာမည်ကြီးရုပ်ရှင် Wonder Woman 1984 ရုပ်ရှင် Trailer ဟာ ထွက်ရှိပြီး ၂ ရက်အတွင်းမှာပဲ ယူကျုဘ်ပေါ် ဝင်ရောက်ကြည့်ရှု ကြတဲ့ အကြိမ်ရေ ၁၅ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ဂယ်ဂဒေါ့ ခေါင်းဆောင်ပါဝင်ထားတဲ့ ဒီရုပ်ရှင် ကားကိုတော့ Warner Bros. Pictures က ဖြန့်ချိမှာဖြစ်ပြီး အမေရိကန်အမျိုးသမီး ရုပ်ရှင် ဒါရိုက်တာ Patty Jenkins က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အမျိုးသမီးစူပါဟီးရိုးဇာတ်ကောင် Wonder Woman ဟာ DC Comics ဇာတ်ကောင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman Vs. Superman: Dawn of Justice ရုပ်ရှင်မှာ ပွဲဦးထွက်စတင် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ်မှာတော့ Wonder Woman အမည်နဲ့ ရုပ်ရှင်ထွက်ရှိလာခဲ့ပြီး တနှစ်တည်းမှာပဲ ထွက်ရှိခဲ့တဲ့ Justice League မှာလည်း Batman ၊ Superman ၊  Aquaman ၊ Falsh ၊ Cyborg တို့လို DC နာမည်ကြီးဇာတ်ကောင်တွေနဲ့ Wonder Woman က တစုတစည်းထဲ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ခုကားကတော့ ၂၀၁၇ ရုပ်ရှင် Wonder Woman ရဲ့ နောက်ဆက်တွဲ Sequel ရုပ်ရှင်အနေနဲ့ အချိန် ၃ နှစ်အကြာမှာ ထွက်ရှိလာပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မင်းသမီး ဂယ်ဂဒေါ့နဲ့အတူ တခြား ဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Chris Pine ၊ Kristen Wiig ၊ Pedro Pascal ၊ Robin Wright နဲ့ Connie Nielsen စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။ Wonder Woman 1984 ရုပ်ရှင်ကားထဲမှာ Diana Prince တဖြစ်လဲ Wonder Woman က ၁၉၈၀ ပြည့်လွန် စစ်အေးခေတ်ကာလအတွင်း ဆိုဗီယက်ယူနီယံနဲ့ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေထဲ ပါဝင်ဖြစ်ခဲ့တာတွေကို ဘယ်လို အမိုက်စား၊ အလန်းစား ဇာတ်လမ်းဇာတ်ကွက်တွေ၊ အထူးပြုချက်တွေနဲ့ ရိုက်ကူးထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ စောင့်မျှော် ကြည့်ရှုကြရမှာပါ။ ဒီကားကိုတော့ လာမယ့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up