ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပ
နှစ် ၇၀ ပြည့် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ကို ရလလဖ အဖွဲ့က ဦးဆောင်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်ထောင် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ) ဌာနချုပ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
အခမ်းနားမှာ တပ်ဖွဲ့ဝင်တွေက ချီတက်အလေးပြုခဲ့ကြပြီး ကျဆုံးသွားတဲ့ရဲဘော်တွေအတွက် လွမ်းသူ့ ပန်းခွေချခဲ့ကြသလို နိုင်ငံရေးအဖွဲ့ အသီးသီးက ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ကြပါတယ်။
တော်လှန်ရေး ကာလအတွင်းအသက်ပေးသွားတဲ့ ခေါင်းဆောင်နဲ့ ရဲဘော်တွေ အကျိုးမဲ့ မဖြစ်စေရဘူးလို့ ရလလဖ အဖွဲ့ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သူ ဦးတာကလယ်ရဲ့မြေး ခွန်နိုင်မင်းထွန်းက ပြောပါတယ်။
ရလလဖ အဖွဲ့ရဲ့ ရပ်တည်ချက်ဟာ ပြည်တွင်းစစ်ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေး ဖြစ်ပါတယ်။
အခမ်းအနားမှာ တက်ရောက်လာတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး နှီးနှောဖလှယ်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
သတင်း- ခွန်ရာဇာ