ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲတွင် မြန်မာက ကမ္ဘောဒီးယားကို အနိုင်ယူပြီး တတိယ ရရှိ

ဖိလစ်ပိုင်နိုင်ငံမှာ ဒီနေ့ မွန်းလွဲပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲမှာ မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားပါတယ်။ ဒီနေ့ပွဲမှာ ပွဲစစချင်း ၁ မိနစ်မှာ ကမ္ဘောဒီးယား အသင်းက အဖွင့်ဂိုး သွင်းယူခဲ့တာဖြစ်ပြီး မြန်မာအသင်းအတွက် ချေပဂိုးကိုတော့ အောင်ကောင်းမာန်က ၉ မိနစ်မှာ ပြန်လည်သွင်းယူခဲ့ပါတယ်။ ပွဲကစားချိန် ၃၅ မိနစ်မှာတော့ ကမ္ဘောဒီးယား ကစားသမားက မြတ်ကောင်းခန့်ကို ပြစ်ဒဏ်ကျူးလွန်လို့ ဖရီးကစ်ကန်ခွင့်ရရှိခဲ့ပါတယ်။ ဒီဖရီးကစ်ကို မြတ်ကောင်းခန့်ကပဲ လှလှပပ သွင်းယူပြီး ၂-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ပထမပိုင်း ပြီးဆုံးချိန်အထိ ဂိုးမသွင်းနိုင်ပဲ ပြီးဆုံးသွားပါတယ်။ ဒုတိယပိုင်းမှာ ကမ္ဘောဒီးယားအသင်းက ပြန်လည်ထိုးဖောက်ကစားလာခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာ မြန်မာကစားသမား ဖျက်ထုတ်တာကြမ်းလို့ ပြစ်ဒဏ်ဘောပေးလိုက်ရပါတယ်၊ ပြစ်ဒဏ်ဘောကို ကမ္ဘောဒီးယားအသင်းက ကန်သွင်းနိုင်ခဲ့လို့ တဖက် ၂-၂ ဂိုးစီ ဖြစ်သွားလို့ ပွဲက ပိုကြည့်ကောင်းခဲ့ပါတယ်။ ဒီနောက် ပွဲကစားချိန် ပြီးဆုံးတဲ့အထိ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်လို့ ပင်နယ်တီကန်ရာမှာတော့ မြန်မာက ၅ ဂိုး၊  ကမ္ဘောဒီးယားက ၄ ဂိုးသာ ဝင်ခဲ့လို့ ၇ ဂိုး ၆ ဂိုးနဲ့ အနိုင်ရရှိပြီး တတိယ ရရှိခဲ့ပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ မြန်မာအမျိုးသား ယူ ၂၂ အသင်းဟာ အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့ရပြီး ကမ္ဘောဒီးယားအသင်းကတော့ ဗီယက်နမ်ကို ရှုံးနိမ့်ခဲ့တာကြောင့် တတိယ နေရာလုပွဲ ယှဉ်ပြိုင်ကစားခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကိုတော့ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားအသင်းတို့ ဒီနေ့ည ၆ နာရီခွဲ ယှဉ်ပြိုင်ကစားရမှာပါ။ Photo : Myanmar Football Federation

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up