ဧရာဝတီတိုင်းက လယ်သမားများ မိုးစပါးရော နွေစပါးပါ အရှုံးပေါ်နေ
DVB
·
December 10, 2019
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်တွေမှာ အခုနှစ် မိုးစပါးရာသီ သီးနှံပေါ်ချိန်တွေမှာ စပါးစျေးကျဆင်းတာနဲ့ သီးနှံအထွက်နှုန်း ကျဆင်းနေလို့ တောင်သူတွေ အရှုံးပေါ်နေကြပါတယ်။
ဟင်္သာတက လယ်သမားတဦးဖြစ်တဲ့ ဦးကျော်တင့် ကတော့ "စပါးစျေးက စပေါ်တုန်းက ဟုတ်မလိုလိုနဲ့ အထွက်လည်းလှိုင်လာရော ကျတော့တာပဲလေ။ ခုလက်ရှိ လေးသိန်းခွဲ ပတ်ချာလည်မှာပဲ အရောင်းအဝယ်ဖြစ်နေတယ်။ ရာသီဥတုဖောက်ပြန်တော့ စပါးအရည်အသွေးလည်း ကျဆင်းတယ်။ အထွက်ကျန်ခဲ့တဲ့နှစ်တွေ မမီဘူးလေ။ ဖြစ်စေချင်တာ မြေပြင်အခြေအနေကိုတာဝန်ရှိတဲ့သူတွေ လေ့လာပြီး ဆန်းသစ်တဲ့ နည်းပညာနဲ့ လယ်ယာမြေတွေရဲ့ စပါးအရည်အသွေးတွေ အကောင်အထည်ဖော်တာတွေ လုပ်ပေးစေချင်တယ်။ ဒီအတိုင်းဆက်ဖြစ်နေရင်တော့ တောင်သူတွေဘဝ မတွေးရဲစရာပဲ"လို့ ပြောပါတယ်။
ဟင်္သာတခရိုင်အတွင်းမှာ သက်ငယ်စပါးတွေဖြစ်တဲ့ မနောသုခစပါးအုပ်စုနဲ့ သက်လတ်စပါး ဖြစ်တဲ့ ဧရာမင်းအုပ်စုတို့ကို အများဆုံးစိုက်ပျိုးပြီး တချို့ရေနက်ကွင်းတွေမှာတော့ သက်ကြီးစပါး ကောက်ကြီးစပါးမျိုးတွေ စိုက်ပျိုးနေကြတာပါ။
အင်္ဂပူက စပါးကုန်သည်တဦးဖြစ်တဲ့ ကိုသန်းထွဋ် ကတော့ "နှစ်တိုင်း ဒီအချိန် သိန်းနဲ့ချီပြီး ဝယ်ပြီးနေပြီ ခုနှစ်က စပါးကလည်း အရည်အသွေးကျတယ်။ ပြီးတော့ အစိုဓာတ်များနေတော့ လှန်းနေရတာနဲ့တင် အချိန်ကုန်နေတာလေ။ အရည်အသွေးအပိုင်းညံ့တော့လည်း သိပ်ပြီး မဝယ်ရဲဘူးလေ။ လက်ရှိ အခြေအနေမှာတော့ တောင်သူတွေ အရှုံးပေါ်တာပေါ့။ အချိန်တန်ရင်တော့ ဘာတွေ ဆက်ဖြစ်မယ်မသိဘူး။ အဓိကတော့ အစိုးရကနေ ခေါင်းခံဝယ်ပေးစေချင်တယ်"လို့ ပြောပါတယ်။
လက်ရှိမှာ မနှစ်က စပါးကောက်ဟောင်းတွေသာ ကျပ် ၅ သိန်းကျော်နဲ့ အရောင်းအဝယ်ဖြစ်နေပြီး ကုန်သည်အကြီးတွေကလည်း စပါးကို နှစ်တိုင်းလို အရေအတွက်များများ ဝယ်ယူသိုလှောင်တာတွေ မလုပ်သေးပါဘူးလို့ သိရပါတယ်။
အလားတူ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာလည်း မိုးစပါး ဝယ်သူမရှိသလို နွေးစပါးကျတော့လည်း စပါးစျေးနှုန်းက မရေရာဖြစ်နေတယ်လို့ စပါးစိုက် တောင်သူလယ်သားတွေကပြောပါတယ်။
သိမိန်ထောသိကုန်းကျေးရွာက လယ်သမားဦးဥက္ကာက “စပါးစျေး ၅ သိန်းသတ်မှတ်ပြီးရင် ဝယ်မှ ဖြစ်မှာလေ၊ ဘယ်လို နေရာမျိုးမှာ ဝယ်ပေးမှာလဲ၊ ဘယ်လိုလူက ဝယ်မှာလဲ၊ ၅ သိန်းစျေးနဲ့ ဝယ်မယ်လိုဘဲပြောတာလေ။ ဒေသအရောက် ဝယ်မှာလား၊ ဘယ်အရောက်ပို့ပေးရမှာလဲ။ ကျနော်တို့ လယ်သမားတွေက စပါးစိုက် ရမယ်။ စပါးထွက်အောင် လုပ်ရမယ်ဆိုတဲ့ ကျနော်တို့တာဝန် ကျနော်တို့ ကျေအောင်လုပ်တယ်၊ထွက်လာတဲ့စပါးကို စျေးကွက်ရှာဖို့က နိုင်ငံတော်ရဲ့တာဝန်ပဲလေ” လို့ ပြောပါတယ်။
လာမယ့်နွေစပါးကိုတော့ အရှုံးခံပြီး ဘယ်လယ်သမားမှ မစိုက်တော့ဘူးလို့ လယ်သမားလည်းဖြစ် သမိန်ထောသိန်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ဦးသောင်းစိန်က ပြောပါတယ်။
သမိန်ထောကျေးရွာဟာ လယ်စိုက်ဧက ၃၀၀၀ နီးပါးရှိပြီး မိုးစပါးမှာ အရှုံးပေါ်နေတာကြောင့် နွေစပါးပြန်စိုက်ဖို့က သတ်မှတ်ထားသော စပါးစျေးကွက် ခိုင်မာမှ နွေစပါး စိုက်ကြဖို့စဉ်းစားနေတယ်လို့ လယ်သမားတွေထံက သိရပါတယ်။
သတင်း- သန်းထိုက်မြင့်/ ကျော်စိုးမိုး