ဟာရဲရား အပါအဝင် ကစားသမား ၃၆ ဦးတွင် အပြစ်မရှိဟု စပိန်တရားရုံးက အမိန့်ချမှတ်

Photo : EPA
လီဗန်တေးအသင်းနဲ့ ရီးရဲလ်ဇာရာဂိုဇာတို့ရဲ့  ၂၀၁၀-၁၁ ရာသီ ဘောလုံးပွဲအတွင်း အားကစားဆိုင်ရာ အကျင့်ပျက် ခြစားမှုနဲ့ ပါဝင်ပတ်သက်နေတယ်လို့ အမှုရင်ဆိုင်နေရတဲ့ ကစားသမား ၃၆ ဦးကို စပိန်တရားရုံးက ဒီဇင်ဘာ ၉ ရက်နေ့မှာ အမှုနဲ့ပတ်သက်မှုမရှိဘူးလို့ အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဇာရာဂိုဇာအသင်းဟာ တန်းဆင်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပြီး လီဗန်‌တေးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် တန်းဆင်းရမယ့်အရေးကနေ ကင်းလွတ်ခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပွဲစဉ်မှာ မသမာမှုတွေ ရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး ဒီဖြစ်ရပ်ဟာလည်း စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးချိန်မှာ ဇာရာဂိုဇာအသင်းရဲ့ တာဝန်ရှိသူနှစ်ဦးဟာ မလျော်မကန် ဆောင်ရွက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒီတာဝန်ရှိသူနှစ်ဦးဟာ ဇာရာဂိုဇာအသင်း တန်းဆင်းရမယ့် အန္တရာယ်ကနေ ရှာင်လွှားနိုင်ဖို့အတွက် အရှုံးပေးဖို့ လီဗန်တေး ကစားသမားတွေကို ယူရို ၉၆၅၀၀၀ ပးခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးခံရသူတွေထဲမှာ လက်ရှိ ပီအက်စ်ဂျီစတား အန်ဒါဟာရဲရား၊ အက်သလက်တီကိုအသင်း ခေါင်းဆောင် ဂါဘီဖာနန်ဒက်နဲ့ လီဂါးနက်စ် နည်းပြ ဂျာဗီးယား အဂွီရီတို့လည်း ပါဝင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ဒီဇင်ဘာ ၉ ရက်နေ့မှာ ဗလန်စီယာတရားရုံးက ကြားနာစစ်ဆေးခဲ့ပြီး သက်သေခိုင်လုံမှု မရှိတာ‌ကြောင့် ဒီကစားသမားနဲ့ နည်းပြတွေ အပါအဝင် လူ ၄၁ ဦးလုံးဟာ အပြစ်ရှိဘူးလို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ တရားသူကြီးက ဇာရာဂိုဇာ ဥက္ကဋ္ဌဟောင်း အဂါပီတိအစ်လီဆီယာနဲ့ ဘဏ္ဍာရေးမှူးဟောင်း ဂျာဗီးယား ပေါ်ကွီယာတို့ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် တနှစ်နဲ့ သုံးလ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ပထမဆုံးအကြိမ် ပြစ်ဒဏ်ကျူးလွန်မှု ဖြစ်တာကြောင့် စပိန်နိုင်ငံရဲ့ တရားစီရင်ရေးအရ သူတို့နှစ်ဦးဟာ ပြစ်ဒဏ်ကျခံရနိုင်ခြေတော့ မရှိပါဘူး။ ဇာရာဂိုဇာအသင်းရဲ့ တာဝန်ရှိသူနှစ်ဦးဟာ ကစားသမားတွေကို တန်းမဆင်းရတဲ့ ဘောနပ်စ်အဖြစ် ဇာရာဂိုဇာအသင်း အကောင့်တွေကနေ ယူရို ၁ ဒသမ ၇၃ သန်းကို ပေးချေခဲ့တဲံ့  အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတာပဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up