တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မီးခိုးမြူများသိပ်သည်းပြီး ယာဉ်ကြောများ ပိတ်ဆို့နေ

တရုတ်နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ မီးခိုးမြူတွေ သိပ်သည်းနေလို့ တချို့နေရာတွေမှာ မီတာ ၅၀ အကွာအဝေးလောက်အထိပဲ မြင်ရပြီး ယာဉ်ကြောတွေလည်း ပိတ်ဆို့ခဲ့တယ်လို့ CCTV သတင်းဌာနက ဖော်ပြပါတယ်။ ပေကျင်း မိုးလေဝသလေ့လာစောင့်ကြည့်ရေးအဖွဲ့က ဒီဇင်ဘာ ၈ ရက်နေ့မနက်ပိုင်းမှာ မီးခိုးမြူကျဆင်းမှုကို လျှော့ချဖို့ အဝါရောင်အဆင့် တပ်လှန့်သတိပေးချက် သတ်မှတ်လိုက်ပြီးနောက် ပေကျင်း-ဟောင်ကောင်-မကာအို အဝေးပြေးလမ်းမ အပါအဝင် ကားလမ်းမတော်တော်များများကို ပိတ်ထားလိုက်ပါတယ်။ ဒီဇင်ဘာ ၈ ရက်က ပေကျင်းမြို့လယ်ကောင်မှာ လေထုအတွင်း အမှုန်ပါဝင်မှုနှုန်းဟာ ၁ ကုဗမီတာကို ၁၆၃ မိုက်ခရိုဂရမ် ရှိပြီး အဲဒီပမာဏဟာ လေထုညစ်ညမ်းနှုန်းများတဲ့ အဆင့်ပါ။  ပေကျင်းမြို့မှာ ဒီဇင်ဘာ ၉ ရက်နေ့အထိ မီးခိုးမြူတွေ ဆက်ပြီး သိပ်သည်းနိုင်တယ်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်း ဟော့ဘေးပြည်နယ်မှာလည်း မီးခိုးမြူတွေကြောင့် မီတာ ၅၀ အကွာအဝေးအထိ ရှင်းရှင်းလင်းလင်း မမြင်ရဘဲ လေထုညစ်ညမ်းမှု အနီရောင်အဆင့် သတ်မှတ်ချက် ထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် ဟော့ဘေးပြည်နယ်မှာ ဒီဇင်ဘာ ၇ ရက်နေ့ကတည်းက အဝေးပြေးလမ်းမတွေ ပိတ်ထားလိုက်တယ်လို့ CCTV သတင်းဌာနက ပြောပါတယ်။ နိုင်ငံအရှေ့ပိုင်း ရှန်တုံပြည်နယ် လုံးခေါင်မြို့တမြို့လုံးမှာလည်း ဒီဇင်ဘာ ၈ ရက်နေ့ ညပိုင်းကတည်း မီးခိုးမြူတွေ သိပ်သည်းနေပြီး ဒီဇင်ဘာ ၉ ရက်နေ့ တနေ့လုံးအထိ မီးခိုးမြူတွေ ဆက်ရှိနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up