A d v e r t i s e m e n t With Us

ကမ္ဘာ့ဒုတိယအကြီးဆုံး ဟိုတယ်ကုမ္ပဏီ မြန်မာတွင် ဟိုတယ်ဖွင့်ရန် စီစဉ်

ကမ္ဘာ့ဒုတိယအကြီးဆုံး ဟိုတယ်လုပ်ငန်းအုပ်စု (Best Western International) က ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ဟိုတယ် လာရောက် ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ တိုင်းပြည်အတွင်းမှာ ဟိုတယ်အခန်းပြတ်လပ်တာတွေနဲ့ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းကောင်းတွေကြောင့် ရန်ကုန်၊ မန္တလေးမှာ ဟိုတယ်ဖွင့်လှစ်ဖို့ နေရာတွေကို စဉ်းစားနေတယ်လို့ ဘတ်စ် ၀က်ဒ်တမ်း အင်တာနေရှင်နယ် (Best Western International) အာရှနဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ လက်ထောက်အကြီးအကဲကို ကိုးကားပြီး ဘလွန်းဘတ် (Bloomberg) သတင်းက ရေးပါတယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်း အသစ်တွေကြောင့် တိုင်းပြည်အတွင်းမှာ အခွင့်အလမ်းတွေ အများကြီး ရှိနေတယ်လို့ ဘန်ကောက်အခြေစိုက် လက်ထောက်အကြီးအကဲ ဂလင်းဒီဆူဇာ (Glenn de Souza) က ပြောပါတယ်။ ဘက်စ်ဝက်စ်တမ်း ကုမ္ပဏီဟာ ကမ္ဘာတ၀န်းမှာ ဟိုတယ်ပေါင်း ၄,၀၀၀ ကျော်ရှိပြီးတော့ မြန်မာမှာ ရင်းနှီးမြှုပ်နှံလိုသူတွေနဲ့ လုပ်ပိုင်ခွင့်ပိုင်ဆိုင်မှုကိစ္စတွေကို ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေကလည်း မြန်မာကို လာရောက်နေတဲ့အတွက် လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်အတွင်းမှာ ဟိုတယ်အခန်း ပြတ်တောက်တာကို ဆိုးဆိုးဝါးဝါး ကြုံတွေ့ရမယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ခရီးသွားလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ခရီးသွားလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးသက်လွင်တိုးက “အဓိကက ဟိုတယ်တွေက ဈေးတွေကို အာမခံမပေးနိုင်တာကလည်း တချက်ပေါ့။ နောက်တချက်က အေးဂျင့်တွေအနေနဲ့ စာချုပ်တွေ ချုပ်ထားပေမယ့်လည်း ကန်ထရိုက်တွေကအတည်မဖြစ်ဘူး ပျက်ချင်ပျက်မယ်။ အပြောင်းအလဲဖြစ်ချင်ဖြစ်မယ်ဆိုတာမျိုး ဖြစ်နေတယ်။ FDI ဟိုတယ်ကြီးတွေတင်မကဘဲ တချို့ဒေသခံဟိုတယ်တွေကပါ ဒီလိုဖြစ်လာတော့ ကျနော်တို့လုပ်ငန်းတွေအတွက် ရေရှည်မှာ ဆိုးကျိုးဖြစ်နိုင်တယ်လို့ ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဟိုဘက်မှာ နှစ် ၂၀ လောက် ကြိုးစားပမ်းစားရှာဖွေလို့ ညှိလာခဲ့တဲ့ တိုးအော်ပရေတာကြီးတွေက အလုပ်လုပ်တော့မယ်ကြံကာမှ ဈေးအမျိုးမျိုးပြောင်းတယ်။ အဲတော့ အေးဂျင့်ကို ပြောင်းပြီးလုပ်တော့လည်း နောက်အေးဂျင့်ကလည်း ဒီအချိုးမျိုးဖြစ်တော့ win win မဟုတ်တော့ဘူး။ သူတို့ဘက်ကလည်း ရှုံးတော့ မြန်မာပြည်ကို သူတို့ဘက်က မရောင်းတော့ဘူး။ အဲလိုဆိုရင် ကျနော်တို့ ခရီးသွားလုပ်ငန်း အများကြီး နစ်နာတယ်။ ဟိုတယ်လ်က လူတွေအတွက်ရေတိုကတော့ သူတို့စားရင်စားရမယ်။ ဒါပေမယ့် ရေရှည်ကတော့ ခရီးသွားလုပ်ငန်းက အားထားရဦးမှာပါ။ ကျနော်တို့နိုင်ငံကလည်း နိုင်ငံခြားခရီးသွားဆွဲဆောင်မှုတွေရှိတော့ ဧည့်သည်တွေက မလာတော့ဘူး အော့ကြောလန်တယ်ဆိုရင် ကျနော်တို့ဟာ ၄-၅ နှစ် ဒါဟာ ဟိုတယ်လ်ကြီးတွေ သိပ်ကောင်းလို့ပြန်လာရင် ထိုင်း၊ ဗီယက်နမ်တို့ ဖြစ်သလို လာပါ၊ ယူပါ၊ လည်ပါ၊ ဈေးတွေလျှော့ပေးတယ် ဆိုရင်တောင် အော့ကြောလန်သွားနိုင်တယ်။ အခုအချိန်က အရှိန်ကောင်းနေချိန်မှာ သင့်တင့်လျောက်ပတ်တဲ့ဈေးနဲ့ လုပ်မယ်။ တယောက်နဲ့ တယောက်လည်း ကတိတည်လုပ်ကြမယ်။ Reasonable ဖြစ်ရင်တော့ သိပ်ကောင်းပါတယ်။ နာဂစ်တို့ အရင်ဖြစ်ခဲ့တဲ့ အရေးအခင်းတွေက ခရီးသွားလုပ်ငန်းတွေဟာ မြန်မာပြည်ကို ကရုဏာသက်ပြီးလာကြတယ်။ အခုကတော့ မြန်မာပြည်ကိုလာပြီး အော့ကြောလန်သွားတာတွေ့ရတယ်။ ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းမှာရှိတဲ့ state holders အချင်းချင်း အပေးအယူမမျှဘဲ ၀ိသမလောဘစိတ်တွေကြောင့်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။ ရန်ကုန်မြို့တွင် ဟိုတယ် အခန်းပေါင်း ၈ ထောင်ကျော်လောက်ရှိပြီး နေ့စဉ်ရန်ကုန်ကို နိုင်ငံခြား ခရီးသွား ၂ ထောင်လောက် အများဆုံးလာရောက်တဲ့အတွက် အခန်းတွေက လောက်ငပေမယ့် ၆ ထောင်ကျော်က ခရီးသွားဈေးကွက်ကို စိတ်မ၀င်စားဘဲ နေ့စဉ်အချိန်ပိုင်းနဲ့ လာရောက်တဲ့သူတွေကို ပိုစိတ်ဝင်စားတဲ့ အတွက် အခန်းလောက်ပေမယ့် အခန်းမပေးနိုင်ဘူးလို့ ဆိုပါတယ်။ ပျမ်းမျှဟိုတယ် အခန်းခတွေကလည်း ၂၀၀၈ ခုကနေ ၂၀၁၂ ခုနှစ်အတွင်း တဖြည်းဖြည်း မြင့်တက်ခဲ့ပါတယ်။ နယ်စပ်က လာရောက်တဲ့သူတွေကို ဖယ်ထုတ်လိုက်မယ်ဆိုရင် ၂၀၁၂ က ခရီးသွား ၆ သိန်းနီးပါး လာရောက်ခဲ့ပြီး ၂၀၀၈ ခုနှစ်ထက် ၃ ဆနီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုင်းပြည်အတွင်း ဟိုတယ်အရေအတွက်က ၂၇ ရာခိုင်နှုန်း နီးပါး မြင့်တက်ခဲ့ပြီး အလုံး ၈၀၀ လောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ လာမယ့် ဒီဇင်ဘာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲအတွက် ပြင်ဆင်မှုနဲ့အတူ အစိုးရကလည်း ဧက ၂၀၀ ရှိတဲ့ ဟိုတယ်ဇုန်ကို ရန်ကုန်မှာ စီစဉ်နေပါတယ်။ ကြယ် ၄-၅ ပွင့် အဆင့်သတ်မှတ်ထားတဲ့ ဟိုတယ်တွေဟာ တည်းခိုစရိတ်ဟာ ဒေါ်လာ ၁၃၀ လောက် ရှိနေပြီး အရင်နှစ်ကထက် ၂၅ ရာခိုင်နှုန်း တက်လာပါတယ်။ အင်ဒိုနီးရှားမှာ ဟိုတယ် ၁၅ လုံး၊ ထိုင်းမှာ ဟိုတယ် ၇ လုံးနဲ့ အာရှတခုလုံးမှာ ဟိုတယ် ၅၅ လုံးကို ၂၀၁၅ ခုနှစ် ဩဂုတ်လလောက်မှာ ဖွင့်လှစ်ဖို့လည်း ကုမ္ပဏီက စီစဉ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up