မိုဘိုင်းဖုန်းလုပ်ငန်းတွင် ဆက်သွယ်ရေးဌာနကြောင့် လာဘ်ပေးလာဘ်ယူ ပြဿနာများဖြစ်
မိုဘိုင်းဖုန်း တပ်ဆင်ရေးလုပ်ငန်းမှာ ၀န်ကြီးဌာန တခုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးက ကိုယ်တိုင်ပါဝင် လုပ်ကိုင်နေတဲ့အတွက် လာဘ်ပေးလာဘ်ယူလို လက်ရှိ ပြဿနာတွေ ဖြစ်ပေါ်ရတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက် နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအနေနဲ့ ခုလို ပြောလိုက်တာပါ။ မြန်မာ့ဆက်သွယ်ရေးကို ဒီစီးပွားရေးလုပ်ငန်းထဲက ဖြည်းဖြည်းချင်း ဆွဲထုတ်နေကြောင်း၊ အခြားကုမ္ပဏီတချို့နဲ့ ပူးပေါင်းပြီး ကုမ္ပဏီအသစ်ဖွဲ့စည်းပြီးမှ မိုဘိုင်းဖုန်းတပ်ဆင်ရေး စီးပွားရေးလုပ်ငန်းကို အကောင်အထည် ဖော်သင့်ကြောင်း သူက ပြောပါတယ်။
မိုဘိုင်းဖုန်းတပ်ဆင်ရေးနဲ့ ပတ်သက်ပြီး မြန်မာ့ ဆက်သွယ်ရေးက ဖွဲ့စည်းမယ့် ကုမ္ပဏီ၊ ရတနာပုံတယ်လီပို့စ်၊ အခြား ပြည်တွင်းနဲ့ ပြည်ပ ကုမ္ပဏီ ၂ ခု အပါအ၀င် စုစုပေါင်း ၄ ခုကို ခွင့်ပြုသွားမယ်လို့ ကြေညာထားပါတယ်။