တရုတ်နိုင်ငံသည် ထာဝရယုံကြည်ရသည့် မိတ်ဆွေဖြစ်ဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
December 9, 2019
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပေါက်ဖော်ညီအစ်ကိုနိုင်ငံဖြစ်ပြီး ထာဝရယုံကြည်ရတဲ့ မိတ်ဆွေဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝန်ယိနဲ့ ဒီဇင်ဘာ ၈ ရက်နေ့က မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရန်ကြီးအောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့တာလို့ တရုတ်နိုင်ငံ ခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ မြန်မာကာကွယ်ရေးဦးစီးချုပ်က “မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စစ်ဒေသ အေးချမ်းတည်ငြိမ်ရေးအတွက် အစွမ်းကုန်လုပ်ဆောင်သွားမယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲတွေ တက်တက်ကြွကြွ ဆက်လုပ်သွားမယ်၊ မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့် လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကလည်း “ မြန်မာတပ်မတော်ဟာ နိုင်ငံလုံခြုံရေး၊ တည်ငြိမ်းရေးနဲ့ တရုတ်- မြန်မာချစ်ကြည်ရေးအတွက် အရေးပါတဲ့ တပ်မတော်တခုဖြစ်တယ်၊ တရုတ်နဲ့ မြန်မာ တပ်မတော်တို့အကြား အပြန်အလှန်ဆက်သွယ်မှုဟာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တယ်”လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ဟာ မြန်မာ့စီးပွားရေး၊ လူမူဖွံ့ဖြိုးရေးနဲ့ ရေရှည်တည်ငြိမ်ရေးအတွက် အလွန်အရေးပါတဲ့အကြောင်း နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကွေ့မသွားဘဲ အောင်မြင်အောင် ဆက်လုပ်ဖို့ မျှော်လင့်တဲ့ အကြောင်း၊ ငြိမ်းချမ်းရေးရဖို့နဲ့ ဆွေးနွေးမှုတွေတိုးတက်လာစေဖို့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနဲ့အပြုသဘော နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်သွားမယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံဆက်ဆံရေး သံတမန်နှစ် (၇၀)ပြည့် အထိမ်းအမှတ် နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးမြင့်ခိုင်မာအောင် ဆောင်ရွက်မယ့်ကိစ္စတွေ၊ နိုင်ငံတကာဆက်ဆံရေး ကိစ္စတွေနဲ့ ၊ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်အေးချမ်းရေးနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပ်မတော်က ကြိုးပမ်းနေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)က ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်လည်း တက်ရောက်ပါတယ်။