Home
မြန်မာသတင်း
ရခိုင်တွင် ၁၆ နှစ်အောက် အမျိုးသမီးများ လိင်ပိုင်းစော်ကားခံရမှု ၂၀ ရှိ၊ ၁၅ မှု တရားစွဲဆိုထား
ဝဏ္ဏခွာညို
·
December 8, 2019
ရခိုင်ပြည်နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း ၁၆ နှစ်အောက် အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အမှုပေါင်း ၂၀ ရှိပြီး အဲဒီထဲကနေ တရားစွဲဆို ဆောင်ရွက်နေတာ ၁၅ မှုရှိတယ်လို့ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီဌာနက ပြောပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့အထဲမှာ မသန်စွမ်း အမျိုးသမီးငယ်တွေလည်း ပါဝင်နေတယ်လို့ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ပြောပါတယ်။ “၁၆ နှစ်အောက် ကလေးငယ်တွေ စော်ကားခံရတာပါ။ ပြီးခဲ့တဲ့နှစ်ကတော့ ၂၂ မှုရှိပါတယ်။ ဒီနှစ်မှာတော့ ၂၀ မှု ရှိပါတယ်။ အဲဒီထဲမှာမှ မသန်စွမ်းက ပြီးခဲ့တဲ့နှစ်က ၂ မှုပါပါတယ်။ ဒီနှစ်မှာတော့ ၁ မှု ပါပါတယ်။ အရေးယူတာကတော့ ၁၅ မှုကျော်လောက်ရှိပါတယ်။ ကျူးလွန်သူကို ဖမ်းဆီးတယ်။ ဖမ်းဆီးပြီးတော့ သက်ဆိုင်ရာဥပဒေနဲ့ တရားစွဲပါတယ်။ တရားစွဲပြီးတော့ အမှုရင်ဆိုင်တယ်ပေါ့။” ဒီလို လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့အထဲမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာပြီး စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြတဲ့ အမျိုးသမီးငယ်တွေလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ ရှိသလို ဥပဒေကြောင်းအရ ကာကွယ်ပေးမယ့်သူတွေ မရှိဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။ “စစ်ဘေးရှောင်စခန်းတခုမှာ အမျိုးသမီးတဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတခု ဖြစ်တယ်။ ဒါပေမဲ့ ဘယ်သူ့ကို တိုင်ကြားရမလဲ၊ ဘယ်သူက လာပြီးအကူအညီပေးမလဲဆိုတာ မသိဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ ပြောဆိုချက်အရ ကျမတို့ကို ဘယ်သူမှ မကူညီနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာမှာ အရေးယူ တိုင်ကြားလို့လည်း ဘယ်သူမှ လာကြည့်ဖို့ အခြေအနေ မရှိနိုင်ဘူး။ အုပ်ချုပ်ရေးမှူးပိုင်းကလည်း ဒါကို လုပ်ပေးနိုင်တဲ့အခြေအနေ မရှိဘူး။ သူတို့မှာ ဥပဒေအကာအကွယ် ဘာမှမရဘူး။” ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတဲ့အပြင် အမျိုးသမီးတွေရဲ့ဘဝ လုံခြုံမှုတွေ ကင်းမဲ့နေတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေရဲ့ ဘဝအခြေအနေကို သွားရောက်စစ်တမ်းကောက်ယူခဲ့တဲ့ စေတနာ့ဝန်ထမ်းတဦးဖြစ်သူ မအေးငြိမ်းဝင်းက ပြောပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမခံရအောင် အသိပညာပေးတာတွေ များများလုပ်ပေးဖို့ လိုနေသေးတယ်လို့ ပြောဆိုတာတွေ ရှိနေပါတယ်။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024