နေထိုင်ရန် မကောင်းသည့် ကမ္ဘာ့မြို့ကြီး ၁၀ မြို့စာရင်းတွင် ရန်ကုန် ပါဝင်
DVB
·
December 8, 2019
နေထိုင်ဖို့ မကောင်းဆုံး ကမ္ဘာ့မြို့ကြီးတွေရဲ့ စာရင်းမှာ ရန်ကုန်က ထိပ်ဆုံး ၁၀ မြို့စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
ကမ္ဘာတဝန်းက ကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ကွန်ရက်ဖြစ်တဲ့ Inter Nations ရဲ့ စစ်တမ်းကို အခြေခံပြီး Forbes မဂ္ဂဇင်းက ထုတ်ပြန်ရေးသားလိုက်တာပါ။
ကမ္ဘာ့မြို့ကြီးပေါင်း ၈၂ မြို့ကို ကမ္ဘာတဝန်းက ကျွမ်းကျင်သူပေါင်း ၂ သောင်းကျော်ရဲ့ မဲနဲ့ အကဲဖြတ်ခဲ့တာ ဖြစ်ပြီး ရန်ကုန်ဟာ အာရှရဲ့ တမြို့တည်းသော အဆိုးရွားဆုံးမြို့အဖြစ် ပါဝင်လာတာ ဖြစ်ပါတယ်။
ငွေရေးကြေးရေး၊ အိမ်ရာတွေနဲ့ နေထိုင်မှုစရိတ် စတဲ့ အညွှန်းကိန်းတွေအပေါ် အခြေခံထားပြီး ပို့ဆောင်ရေးနဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုကိုလည်း ထည့်သွင်းစဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာပေါ်မှာ နေထိုင်ဖို့ မကောင်းဆုံးကတော့ ကူဝိတ်မြို့ဖြစ်ပြီး သူ့နောက်မှာ ရောမ (အီတလီ)၊ မီလန် (အီတလီ)၊ လာဂို့စ် (နိုင်ဂျီးရီးယား)၊ ပဲရစ် (ပြင်သစ်)၊ ဆန်ဖရန်စစ္စကို (အမေရိကား)၊ လော့စ်အိန်ဂျလိစ် (အမေရိကား)၊ လီမာ (ပီရူး)၊ နယူးယောက် (အမေရိကား)နဲ့ ရန်ကုန်တို့ ဖြစ်ပါတယ်။
အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ ရန်ကုန်မြို့က ဒေသခံတွေဟာ ကမ္ဘာပေါ်က အဖော်ရွေဆုံးသူတွေထဲမှာ ပါတယ်လို့ ဆိုထားပါတယ်။
သီရိလင်္ကာနိုင်ငံက ကျွမ်းကျင်သူတယောက်က မြန်မာလူမျိုးတွေဟာ ကောင်းပြီး အလုပ်အတူလုပ်ဖို့ လွယ်ကူတယ်လို့ မှတ်ချက်ပေးထားပါတယ်။ ဒါပေမယ့် မြို့ပြလူနေထိုင်မှု အညွှန်းကိန်း နိမ့်ကျလွန်းလို့ တခြားမြို့ကြီးတွေရဲ့ နောက်ကိုရောက်သွားတာလို့ ဆိုပါတယ်။
တောင်ကိုရီးယားက အကဲဖြတ်သူတယောက်ကတော့ ညံ့ဖျင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို မကြိုက်ဘူးလို့ ပြောပါတယ်။
စစ်တမ်းမှာ ပါဝင်သူတွေရဲ့ ထက်ဝက်ကျော်က ရန်ကုန်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဒေသတွင်း သယ်ယူပို့ဆောင်ရေးကို မကျေနပ်ကြဘူးလို့ ဆိုပါတယ်။ ဒီထဲက ၃၁ ရာခိုင်နှုန်းကတော့ အပန်းဖြေစရာတွေနဲ့ ပတ်သက်လို့ အကောင်းမမြင်ကြပါဘူး။
Forbes က နေထိုင်ဖို့အကောင်းဆုံး မြို့ကြီး ၁၀ မြို့ စာရင်းကိုလည်း ဖော်ပြထားပြီး ထိုင်ဝမ်ရဲ့ မြို့တော် တိုင်ပေက ထိပ်ဆုံးမှာ ရှိနေပါတယ်။
ဒီနောက်မှာ ကွာလာလမ်ပူ (မလေးရှား)၊ ဟိုချီမင်း (ဗီယက်နမ်)၊ စင်ကာပူ၊ မွန်ထရီယယ် (ကနေဒါ)၊ လစ္စဘွန်း (ပေါ်တူဂီ)၊ ဘာစီလိုနာ (စပိန်)၊ ဇပ်က် (ဆွစ်ဇာလန်)၊ သည်ဟိတ် (နယ်သာလန်) နဲ့ ဘာဆယ် (ဆွစ်ဇာလန်) တို့ဖြစ်ပါတယ်။