တရုတ်နိုင်ငံသားပိုင် ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံ မပိတ်သိမ်းပါ အရေးယူမည်
DVB
·
December 7, 2019
ကျောက်ဖြူမြို့နယ်က တရုတ်နိုင်ငံသားပိုင် ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံကို ပိတ်သိမ်းဖို့ ညွှန်ကြားထားပြီး မလိုက်နာပါက အရေးယူသွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကင်းမြောက်ကျေးရွာအုပ်စု ကင်းပင်လယ်နားကျေးရွာက တရုတ်နိုင်ငံသားပိုင် ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံဟာ ခွင့်ပြုချက်တစုံတရာ ရယူမှုမရှိတဲ့အတွက် ပြည်နယ်အစိုးရရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါစက်ရုံကို ပိတ်သိမ်းဖို့ညွှန်ကြားထားတာလို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။
“လက်ရှိမှာတော့ ကျနော်တို့ စက်ရုံလည်ပတ်မှု ရှိ၊ မရှိကို ဒီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အပတ်စဉ် တင်ပြခိုင်းထားတာရှိပါတယ်။ ဒီဇင်ဘာ ၃ ရက် ရက်စွဲပါစာနဲ့လည်း စက်ရုံကို တာဝန်ရှိသူကို ကြိုတင်ခွင့်ပြုချက် ရယူဆောင်ရွက်ခဲ့ခြင်း မဟုတ်တဲ့အတွက် စက်ရုံကို ပိတ်သိမ်းဖို့နဲ့ ခွင့်ပြုချက်မရှိပဲ စက်ရုံလည်ပတ်ပါက ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့ဟာကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရ ခဲ့ပါဘူး။
အဆိုပါ တရုတ်နိုင်ငံသားပိုင် ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံကို လွန်ခဲ့တဲ့ အောက်တိုဘာလက စတင်လည်ပတ်ခဲ့တာဖြစ်ပြီး စက်ရုံမှထွက်ရှိတဲ့ ဆိုးဝါးတဲ့အနံ့ဆိုးတွေကြောင့် ဒေသခံတွေ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာတဲ့အတွက် စက်ရုံပိတ်သိမ်းပေးဖို့နဲ့ မပိတ်သိမ်းပေးပါက ဆန္ဒဖော်ထုတ်သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောင်နောင်