Home
ဆောင်းပါး
ချယ်ရီမြေမှ ပိတောက်တစ်ထောင်ဘုရား
နန်းမြနဒီ
·
December 7, 2019
နယ်ပယ်အရပ်ရပ်က ဘုရားဖူးတွေ၊ ခရီးသွားဧည့်သည်တွေအနေနဲ့ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ကို အလည်အပတ် လာရောက်တဲ့အခါ အများအားဖြင့် တောင်ကြီးမြို့ပတ်လည်ရှိ တောင်ပေါ်ဘုရားနဲ့တကွ အနီးအနား မြို့နယ်ထဲက အင်းလေး ဖောင်တော်ဦးဘုရား၊ အင်းတိန်ဘုရား၊ စံကားမြို့ဟောင်း၊ ပင်းဒယရွှေဥမှင်လိုဏ်ဂူ၊ မိန်းမရဲတောင်၊ ထမ်ဇန့်ဂူ၊ မုံတဝဂူ၊ ကက္ကူဘုရား၊ ထီ့စဲခါး ရေတံခွန် စတဲ့နေရာတွေကို အရောက်သွားလေ့ရှိပါတယ်။  အဆိုပါ လည်ပတ်ဖူးမြော်စရာ ဘုရားစေတီတွေထဲက လူသူအရောက်အပေါက်နည်းတဲ့ တောထဲက ပိတောက်တစ်ထောင်ဘုရားကိုလည်း မိတ်ဆက်ပေးချင်ပါတယ်။  ချယ်ရီတွေသာ ပွင့်တဲ့ တောင်ပေါ်ဒေသ ကုန်းမို့မို့မှာ ပိတောက်ပင်တွေ ခြံရံထားတဲ့ ဘုရားဆင်းတုတော်တွေ၊ စုလစ်မွမ်းချွန် သွယ်လျလျနဲ့ စီရီနေတဲ့ ရှေးဟောင်းယွန်း ရှမ်းလက်ရာ စေတီငယ်အစုအဝေးတွေ တည်ရှိနေတာဟာ ဒီပိတောက်တစ်ထောင်ဘုရားရဲ့ ထူးခြားမှုပါ။  ဒေသခံတွေကတော့ ရှမ်းဘာသာနဲ့ ကောင်းမူးဇန့်ဖိုတ် (ဆင်ဖြူစေတီ)၊ ဖရားဇန့်၊ ကျောင်းဇန့် (ဆင်ဘုရား) လို့ ခေါ်ပါတယ်။ ဘုရားကုန်းရဲ့ အရှေ့ဘက်မှာလည်း နောင်ဇန့် (ဆင်ရေကန်) လို့ခေါ်တဲ့ ရွာကြီးတရွာ ရှိပါတယ်။    ဒီဘုရားဟာ တောင်ကြီးမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀ ကျော်အကွာ နားဟီးကျေးရွာအုပ်စု ဟမ်းဆီးကျေးရွာနဲ့ ဆီဆိုင်မြို့နယ် ပုန်းအင်းဒေသ နောင်ဇန့် ကျေးရွာကြားထဲက တောအုပ်ထဲမှာ တည်ရှိပါတယ်။  ဟမ်းဆီးကျေးရွာနဲ့ ၄ မိုင်ခန့် ကွာဝေးပြီး၊ နောင်ဇန့်ကျေးရွာနဲ့ဆိုရင် ၄ ဖာလုံခန့်သာ ရှိပေမယ့် နောင်ဇန့် ရွာဟာ မိုးတွင်းဆိုရင် ရေတွေပြည့်နေလို့ လှေနဲ့ကူးပြီး လာရပါမယ်။  ဟမ်းဆီးရွာဘက်ကနေ လာမယ်ဆိုရင်တော့ တောင်ကြီး-ကျောက်တလုံးသွား ကားလမ်းဘက်ကနေ လာရမှာဖြစ်ပြီး ဟမ်းဆီးကျေးရွာတောင်ဘက် အစွန်ရောက်ရင် လမ်းရဲ့ဘယ်ဘက်မှာ ပိတောက်တစ်ထောင်ဘုရားသို့ ဆိုတဲ့ ဆိုင်းဘုတ်လေးကို တွေ့ရပါမယ်၊ ချုံနွယ်ပိတ်ပေါင်းတွေ၊ တောအုပ်တွေ၊ တောင်ယာစိုက်ခင်းတွေကို ဖြတ်သန်းသွားရပေမယ့်လည်း လမ်းချိုးလမ်းကွေ့တိုင်းမှာ ဘုရားသွားဆိုင်းဘုတ်တွေ တပ်ထားတဲ့အတွက် လမ်းမှားမှာလည်း မစိုးရိမ်ရပါဘူး။  တောင်ယာစိုက်ခင်းတခုအလွန်ရောက်တော့ လမ်းရဲ့ ဘယ်ဘက် ကုန်းမို့မို့ရှိ တောအုပ်ထဲမှာ ထိုင်ကိုယ်တော် ဘုရားဆင်းတုတော်ပေါင်းများစွာကို လှမ်းမြင်နိုင်ပါပြီ။ ဒါပေမဲ့ မော်တော်ကားနဲ့ ဘုရားပေါ် တက်မယ်ဆိုရင်တော့ အဲဒီတောင်ကုန်းရဲ့ ညာဘက်လမ်းအတိုင်း ရစ်ပတ်ပြီး မောင်းတက်လာရမှာပါ။  တောင်ကုန်းမှာလည်း ဘုရားဆင်းတုတော်တွေ ခြံရံထားပြီး ဘုရားကုန်းပေါ် အတက်မှာတော့ လမ်းတဖက်တချက်မှာ စုလစ်မွမ်းချွန် စေတီငယ်တွေ၊ ဘုရားဆင်းတုတော်တွေကို ကြည်ညိုသပ္ပာယ်စွာ ဖူးမြော်ရပါတယ်။  ကုန်းပေါ်ရောက်တော့ အရိပ်ကောင်းလှတဲ့ ညောင်ပိန္နဲပင်ကြီးအောက်မှာ ခုနစ်ရက်သားသမီးတို့ နေ့နံအလိုက် ဖူးမြော်ဆုတောင်းနိုင်တဲ့ ဆင်းတုတော်တွေ ခြံရံထားပြီး နားနားနေနေ အပန်းဖြေစရာ နေရာလည်း ဖြစ်ပါတယ်။  ညောင်ပိန္နဲပင်ကြီးရဲ့ ညာဘက်မှာ စေတီငယ်တွေ ခြံရံထားတဲ့ ဉာဏ်တော်အမြင့်ပေ ၃၀ ခန့်ရှိ စေတီတော်ကြီးတဆူ၊ စေတီဘေးမှာ နဂါးရုံဘုရားနဲ့ ဆင်ဖြူတော် ရုပ်တုကြီး တရုပ်လည်း တည်ရှိပါတယ်။  စေတီပရဝဏ်နဲ့ ဘုရားဝင်းထဲမှာရော ကုန်းတက် ကုန်းဆင်း လမ်းတလျှောက်မှာ ဆင်းတုတော်တွေအနီးမှာ ပိတောက်ပင်တွေ အစီအရီရှိပြီး ပေါင်းပင်ချုံပင်တွေကြားက ပြုပြင်မွမ်းမံခြင်း မပြုရသေးတဲ့ ဆင်းတုတော်လေးတွေလည်း အမြောက်အမြား တည်ရှိနေပါတယ်။ ဘုရားကုန်းပေါ်ကနေ အရှေ့ဘက်ကို မျှော်ကြည့်ရင်တော့ ပုံးအင်းထဲက ရွာတွေကို ခပ်ရေးရေး မြင်တွေ့နိုင်ပါတယ်။  ဘုရားကုန်းခြေရင်းလမ်းရဲ့ ညာဘက်မှာတော့ တောရကျောင်းတကျောင်း ရှိပါတယ်၊ ပိတောက်တစ်ထောင်ဘုရားမှာ ဒီနှစ်မှပေးခဲ့တဲ့ အမည်သစ်ဖြစ်ကြောင်း၊ ဒီမတိုင်ခင် အဆိုပါ ဘုရားကုန်းပေါ်မှာ ကက္ကူမွေတော်ဘုရားနဲ့ ဆက်စပ်နေတဲ့ ရှေးဟောင်း ထုံးဖြူစေတီ တဆူတည်းသာတည်ရှိပြီး ပျံလွန်တော်မူခဲ့သော ဆရာတော် ဦးပညာဝံသ လက်ထက် ၂၀၀၆ ခုနှစ်က စေတီကုန်းပြင် ခြေရင်းမှာ ဆင်နဲ့အလားသဏ္ဌာန်တူ ကျောက်တုံးကြီးတတုံး၊ ဟင်္သာသဏ္ဌာန်  ကျောက်တုံးတတုံးနဲ့ ကျောက်နဲ့ ထွင်းထုထားတဲ့ လိပ်တကောင် တူးဖော်ရရှိပြီးတဲ့နောက် ရွာသားတွေနဲ့တကွ ရပ်နီး ရပ်ဝေး အလှူရှင်တွေရဲ့ အလှူဒါနနဲ့ စေတီတွေ၊ ဆင်းတုတော်တွေ တည်ထားကိုးကွယ်ခဲ့တာလို့ လက်ရှိ ကျောင်းထိုင် ဆရာတော် ဦးစန္ဒောဘာသ က ဒီဗွီဘီကို မိန့်ပါတယ်။  “အရင်တုန်းက ရှေးစေတီကြီးတဆူပဲ ရှိတယ်၊ ကက္ကူမွေတော်ဘုရား မြောက်ဘက်က ရုပ်ပွားတော်နဲ့ ဒီစေတီ အရှေ့ဘက်က ရုပ်ပွားတော်ဟာ လက်ရာတခုတည်းပဲ၊ ဘယ်ခေတ်က စေတီလဲ ဆိုတာတော့ ဌာပနာကို အုပ်ထားတော့ မသိနိုင်ဘူး၊ ဦးဇင်းတို့လည်း ဌာပနာကို မတူးဘဲ ပြန်ပြီးပြုပြင်မွမ်းမံခဲ့တယ်၊ အရင်တောရကျောင်းထိုင် ဆရာတော် ဦးပညာဝံသ လက်ထက် ၂၀၀၆ ခုနှစ်က စေတီကုန်းပေါ်က ခြေရင်းမှာ ဆင်ဖြူရှိတယ်လို့ အိပ်မက်မြင်မက်တော့ ရွာသားတွေခေါ်ပြီး တူးဖော်ကြည့်တာ ဆင်အိပ်နေတဲ့ ပုံစံနဲ့တူတဲ့ ကျောက်တုံးကြီး တတုံးတွေ့တယ်၊ ကျောက်ဆင်ကျောကုန်းပေါ်မှာ ဘုရားခြေတော်ရာနဲ့တူတာ တွေ့တယ်၊ နောက်ပြီး အဲဒီနေရာရဲ့ တောင်ဘက်မှာ ဟင်္သာနဲ့တူတဲ့ကျောက်တုံးရော၊ လိပ်ပုံကျောက်ရုပ်တုတခုပါ တွေ့လို့ သာသနာ့နယ်မြေအစစ်လို့ မှတ်ယူပြီး ဘုရား ဆင်းတုတော်တွေ၊ အရံစေတီတွေ နောက်ထပ်တည်ထားခဲ့တာပါ၊ ပန်းပိတောက်ပင်တွေ တစ်ထောင်ပြည့်အောင် စိုက်သွားမယ်။” နောင်ဇန့်ကျေးရွာက ရပ်မိရပ်ဖဖြစ်သူ အသက် ၈၀ ကျော်ရွယ် ဦးစိုင်းဖိုတ်ကလည်း  ရှေးရှေးက ဒီတောထဲမှာ ဘုရင်ကြီးတပါးရဲ့ ဆင်ဖြူတော် ပျောက်ဆုံးသွားခဲ့တယ်လို့ ရာဇဝင်ရှိကြောင်း၊ စေတီဖြူကလည်း ရှေးကတည်းက တည်ရှိခဲ့ပြီး ဒေသခံရွာသားတွေက နှစ်စဉ် နယုန်လပြည့်နေ့ရောက်တိုင်း ဘုရားပွဲတော်ကျင်းပတယ်လို့ ဆိုပါတယ်။  ဆင်ရုပ်ကျောက်တုံး တူးဖော်ရာမှာ ပါဝင်ခဲ့တဲ့ နောင်ဇန့်ရွာသား စိုင်းသီဟကလည်း သူ့အတွေ့အကြုံကို ခုလိုပြောပြပါတယ်။  “ဆင်တွေ့တယ်လို့ အိပ်မက်မက်တဲ့ ဆရာတော်က အရင်က ကျနော်တို့ ပုံးအင်း အလယ်တန်းကျောင်းက ကျောင်းဆရာပါ၊ သူက ကျောင်းဆရာအလုပ်ကထွက် ဘုန်းကြီးဝတ်ပြီး စေတီဖြူအောက်မှာ တောရကျောင်း ဆောက်ပြီး သီတင်းသုံးတယ်၊ ဆင်နဲ့တူတဲ့ ကျောက်တုံးကြီး တူးဖော်ကြတုန်းက ကျနော်လည်း ပါတယ်။ အဲတုန်းက ကျနော်တို့က အလယ်တန်းကျောင်းသားပေါ့၊ ကျောက်တုံးကြီးအောက်မှာ ရေကြောရှိတယ်၊ ရေက ကြည်လင်အေးစိမ့်ပြီး ဘယ်တော့မှ မခန်းဘူး။” ရှမ်းပြည်နယ်ထဲမှာ ကက္ကူမွေတော်ဘုရားစေတီတွေလို သွယ်လျလျ စုလစ်မွမ်းချွန်ပုံစံ တစုတဝေးတည်ထားတဲ့ အရံစေတီတွေ၊ ဆင်ခံစေတီပုံစံတွေများစွာ ရှိပြီး အဆိုပါ ဘုရားတွေဟာ ရှေးခေတ် ယွန်းရှမ်းတွေ တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားတွေဖြစ်ကြောင်း၊ ယနေ့ခေတ် အလှူရှင်တွေက ရှေးဟောင်းဘုရားတွေကို ပြင်ဆင်မွမ်းမံထိန်းသိမ်းတာဟာ မွန်မြတ်လှပေမယ့် မူရင်းလက်ရာနဲ့ သမိုင်းအထောက်အထားတွေ မပျောက်ကွယ်အောင် ထိန်းသိမ်းသင့်ကြောင်း ရှမ်းသမိုင်းသုတေသီ ဒေါက်တာစိုင်းစံအိုက်က ဒီဗွီဘီကို ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024