ကျောက်တော်မြို့တွင် တတိယတန်းကျောင်းသား ၁ ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံး
ဝဏ္ဏခွာညို
·
December 6, 2019
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှာ ပေါက်ကွဲမှုတခုဖြစ်ပြီးနောက် တပ်မတော်က ပစ်ခတ်လိုက်တဲ့ ကျည်ဆန်ကြောင့် တတိယတန်း ကျောင်းသား တယောက်သေဆုံး သွားတယ်လို့ သေဆုံးသွားတဲ့မိသားစုတွေက ပြောပါတယ်။
အသက် ၉ နှစ်အရွယ် တတိယတန်းကျောင်းသား မောင်ကျော်မင်းမြတ်ဟာ ဒီဇင်ဘာ ၆ ရက် ဒီမနက် ၉ နာရီကျော်လောက်က ကျူရှင်ကျောင်းကအပြန်မှာ ပေါက်ကွဲသံတချက်ကြားရပြီးနောက် ပိုက်သည်ရပ်ကွက် လမ်းကြားတွေမှာ လှည့်လည်သွားလာနေတဲ့ တပ်မတော်စစ်ကြောင်းက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သေဆုံးသူရဲ့အဖွားဖြစ်သူက ပြော ပါတယ်။
မောင်ကျော်မင်းမြတ်ရဲ့အဖွားဖြစ်သူ ဒေါ်မစိုးလှက “ကျူရှင်ကအပြင်မှာ တပ်မတော်က လှမ်းပစ်လိုက်တာ။ တံတားရဲ့ကျောင်းနားမှာ စစ်သားတွေသေနတ်တွေကိုင်ပြီးတော့ သွားလာ နေကြတယ်။ ကျမမြေးကလည်း သေနတ်သံကြားတော့ အိမ်ကိုပြေးလာတယ်။ လေးချက်ထိ သွားတယ်။ သွေးအိုင်ထဲမှာလဲနေတဲ့အချိန်မှာ ကျမတို့မြေးလေးကိုသွားယူဖို့ လုပ်သေးတယ်။ အဲ့ဒီမှာစစ်သားတွေက ရှိနေတော့ သွားလို့မရဘူး။ အဲ့ဒီမှာ အရေးပေါ်ကားနဲ့သွားယူတယ်။ ဒါပေမယ့် အချိန်အတော်ကြာမှာယူလို့ရခဲ့တယ်။ သေနတ်မှန်တဲ့ အချိန်မှာသေသွားသလား။ နောက်မှာ သေသွား သလားတော့ မပြောတက်ဘူး။ ဒါပေမယ့်အရေးပေါ် ကားကိုသယ်လာတဲ့အချိန် မြေးလေးက အသက်မရှိတော့ဘူး။
သေဆုံးသူ မောင်ကျော်မင်းမြတ်ရဲ့ ရင်ဘက်မှာ ကျည်ငါးချက်ထိမှန်သွားပြီး အတွင်းအသည်း တွေ ကြွေမွပျက်စီးသွားတယ်လို့ ဆရာဝန်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မောင်ကျော်မင်းမြတ်ရဲ့ အဖွားဖြစ်သူ ဒေါ်မစိုးလှကပြောပါတယ်။
ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “ပိုက်သည် ရပ်ကွက် ဘုန်းကြီးကျောင်းနား၊ ရွှေကျောင်း ဓမ္မာရုံနားမှာ ဗုံးပေါက်တယ်လို့ကြားရတယ်။ ဘယ်လို ပေါက်တာလဲ စုံစမ်းလိုက်တာအခါမှာလည်း အဲ့ဒီပတ်ဝန်ကျင်းနားမှာ ဘယ်သူမှ မရှိတော့ဘူး။ ပေါက်ကွဲသံကြားတာနဲ့ မြို့သူ၊ မြို့သားတွေက အကုန်ထွက်ပြေးကြတာ။ ဘယ်လို ပေါက်တယ်။ ဘာနဲ့ ဖောက်တယ်။ ဘယ်သူ ဖောက်တယ်၊ မိုင်းပေါက်တာလား၊ ပစ်တာလားဆိုတာ တိတိကျကျ မပြောတက်ဘူး။”လို့ ပြောပါတယ်။
ကျောက်တော်ကစျေးဆိုင်ရောင်းနေတဲ့ ဦးမောင်သိန်းဝင်းက “မြို့ပေါ်တွေမှာတော့ ဒီလို ပစ်ခတ်မှုလုပ်လာတယ်ဆိုတော တော်တော်လေးကို စိုးရိမ်ပါတယ်။ အခုဆိုရင်စျေးဆိုင်တွေရော၊ လမ်းမဆိုင်တွေ တော်တော်ပိတ်ထားတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ဒေသခံတွေဆိုရင် တော်တော်ကြောက်လန့်နေကြတယ်။ တပ်မတော်ကမြို့ထဲ မြို့ရဲ့ အစွန်းအဖျားတွေမှာ ယူနီဖောင်း အပြည့်လက်နက်တွေ အပြည့်သွားလာလှုပ်ရှားနေတာမြင်တော့ လူထုတွေကတော်တော် စိုးရိမ်ကြတာ”လို့ ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့ကလည်း တပ်မတော်စစ်ကြောင်းတွေက ကျောက်တော်မြို့ထဲမှာ မြို့ခံတွေကို မေးမြန်းတာတွေ Arakan ဆိုတဲ့ စကားလုံး လက်မောင်းတွေမှာ ဆေးမှန်ကြောင် ထိုးထားတာတွေနဲ့ AA လို့ ခန္ဓာကိုယ်တွေပေါ်မှာထိုးတာတွေ့ရင် စစ်ဆေးမေးမြန်းတာတွေ ခေါ်ယူသွားတာတွေရှိတယ်လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောပါတယ်။
သေဆုံးသူ မောင်ကျော်မင်းမြတ်ရဲ့ မိဘနှစ်ပါးဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေ ကြပြီး အဒေါ်ဖြစ်သူနဲ့ အဖွားဖြစ်သူတွေဆီမှာ နေထိုင်နေတာဖြစ်ပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲကြားမှာ ပစ်ခတ်ရပြီသေဆုံးသူတွေတွေနဲ့ စစ်ကြောရေး ကာလမှာသေဆုံးသူ အရပ်သား ၁၀၀ ဝန်းကျင်လောက်ရှိနေပြီး ဒဏ်ရာရရှိသူ ၁၅၀ ခန့်ရှိနေပြီလို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေထံက သိရပါတယ်။
ကျောက်တော်မြို့နယ်အတွင်း ပစ်ခတ်မှုဖြစ်ပွားတာနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဒီကနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်မှာ တကြိမ်၊ ၂၂ မိနစ်တကြိမ်၊ ၂၃ မိနစ်မှာ တကြိမ်၊ ၄ နာရီ ၂ မိနစ်မှာတကြိမ် ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဖုန်းကိုင်ခြင်း မရှိပါဘူး။