ကျားဖောင်ရေလုပ်ငန်းတွင် လူကုန်ကူးမှုဖြင့် လူ ၁၈ ဦးကို အမှုဖွင့်အရေးယူ
အာကာ
·
December 6, 2019
ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား တဦး ကျားဖောင် ရေလုပ်ငန်းမှာ လူကုန်ကူးခံရတဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်ပြီး လူ ၁၈ ဦးကို အမှုဖွင့်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ ၊ ဒုတိယရဲမှူးကြီးခင်မောင်ကြွယ်က ပြောပါတယ်။
တက္ကသိုလ်ကျောင်းသား တဦးအပါအဝင် ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ပင်လယ်ပြင်ရှိ ကျားဖောင် ရေလုပ်ငန်းမှာ လူကုန်ကူး ခံခဲ့ရသူ ၃ ဦး ရဲ့ ဖြစ်စဉ်မှာ ပါဝင်သူတွေကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ကျောက်တံတား၊ ဒလနဲ့ လှိုင်သာယာမြို့မရဲစခန်းတို့မှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားတာပါ။
ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းဟာ စက်တင်ဘာလက ရန်ကုန်မြို့ကနေတဆင့် ဖျာပုံပင်လယ်ပြင်ရှိ ကျားဖောင်လုပ်ငန်းခွင့်ကို လူကုန်ကူးခံခဲ့ရတာပါ။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိသားစုကရဲတပ်ဖွဲ့ကို လူပျောက် တိုင်ကြားခဲ့ပြီး တစ်လခွဲအကြာမှ မိသားစုက မိမိအစီအစဉ်နဲ့ ပြန်လည်တွေ့ရှိပြီး ကယ်ဆယ်နိုင်ခဲ့တာပါ။
ကိုမြတ်သူရထွန်းကို ပြန်လည်ခေါ်ယူနိုင်ဖို့ ကျားဖောင်လုပ်ငန်းပိုင်ရှင်ကို မိသားစုက ကျပ် ၇ သိန်းခွဲ ပေးခဲ့ရပြီး ပြန်လည် လွတ်မြောက်လာစဉ်မှာ ဒဏ်ရာဒဏ်ချက် အများအပြား ရရှိထားပါတယ်။