Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦးကော်မတီကို တခြမ်းပဲ့ကော်မတီဟု ကြံ့ခိုင်ရေးအမတ် ဆက်ခေါ်မည်
နေဖြိုးဝင်း
·
December 6, 2019
ဖွဲ့စည်းပုံဥပဒေကြမ်းပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီကို တခြမ်းပဲ့ကော်မတီလို့ ဆက်လက်ခေါ်ဝေါ်သုံးစွဲသွားမယ်လို့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် အမတ် ဦးမောင်မြင့်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ  တပ်မတော်သား ကိုယ်စားလှယ် ၁၄၄ ဦး တင်သွင်းထားတဲ့ ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းအပေါ် ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ တပ်မတော်သားကိုယ် စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေဟာ  ကျင့်ဝတ်စည်းကမ်းတွေနဲ့မညီသလို လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတယ်ဆိုပြီး မှတ်တမ်းကနေ ပယ်ဖျက်ဖို့ လွှတ်တော်နာယကက ကြေညာခဲ့ပါတယ်။ အခုလို ပယ်ဖျက်တဲ့အထဲမှာ မင်းကင်းမဲဆန္ဒနယ်က ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ဦးမောင်မြင့်ဆွေးနွေးချက် တွေထဲက စကားလုံးတွေကိုလည်း ပယ်ဖျက်ခံခဲ့ရပါတယ်။  ဒီလိုပယ်ဖျက်လိုက်တာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က  "ဥပဒေကြမ်းပြင်ဆင်ရေးပူးပေါင်းကော်မတီဟာ တစ်ခြမ်းပဲ့သွားပြီလို့ ပြောတာကိုတော့ မှတ်တမ်းက ပယ်ဖျက်ခြင်းမရှိတဲ့အတွက် ဆက်လက်သုံးစွဲသွားပါမယ်"လို့  ဒီဇင်ဘာ ၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ပြောသွားပါတယ်။ ဒါအပြင် အချိန်တိုအတွင်းမှာ ရေးသားနိုင်တဲ့ တခြမ်းပဲ့ကော်မတီကို အထူးလေးစားသလို ကော်မတီမှာပါဝင်တဲ့ တက်ကြွစွာဆောင်ရွက်နေကြတဲ့ ကိုယ်စားလှယ်တော်ကြီးတွေလည်း သမိုင်းမှာ ကမ္ပည်းတင်ခံရမယ့်သူတွေ ဖြစ်ကြပါစေလို့ ပြောပါတယ်။ "လွှတ်တော်နာယကကြီးက သူ့ကို Impeachment (စွပ်စွဲပြစ်တင်)လုပ်ဖို့အတွက် စိန်ခေါ်ပေမယ့် ဂုဏဝုတ္တိ၊ ဝယဝုတ္တိ အနေနဲ့ Impeachment လုပ်ဖို့ စိတ်ကူးတောင်မရှိပါကြောင်းနဲ့ ယခုဆွေးနွေးခဲ့တာတွေကိုလည်း နောင်ကျမှ လွှတ်တော်မှတ်တမ်းကနေပြီးတော့မှ ပယ်ဖျက်ဖို့ မသင့်ပါကြောင်း တင်ပြအပ်ပါတယ် " လို့လည်း ဦးမောင်မြင့်က ပြောပါတယ်။ လွှတ်တော်နာယကအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖွဲ့စည်းပြင်ဆင်တဲ့လုပ်ငန်းကို ဒီလွှတ်တော် သက်တမ်းအတွင်းမှာ ပြီးအောင်ပြင်မယ်လို့ ပြောတာဟာ နာယကနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူးလို့လည်း ဦးမောင်မြင့်က ပြောပါတယ်။ "အခြေခံဥပဒေကို ပြင်နိုင်ခြင်း၊ မပြင်နိုင်ခြင်းဆိုတာ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ဆန္ဒမဲနဲ့ပဲ ဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။ နာယကကြီး တယောက်ထဲကတော့ လုပ်လို့မရပါဘူး ခင်ဗျာ။ ဒါကြောင့် ဒီလို တုံးတိတိ ကြီးပြောတာကိုတော့ ဘဝင်မကျ သဘောမတူပါဘူး "လို့ ဆိုပါတယ်။ အလားတူ  Timeline ထုတ်ပြန်ဖို့ကလည်း ပူးပေါင်းကော်မတီရဲ့ အလုပ်ဖြစ်ပြီး နာယကနဲ့ တိုက်ရိုက်မသက် ဆိုင်သလို ရွေးကောက်ပွဲမဲဆွယ်ကာလမတိုင်ခင် ပြင်ဆင်မယ့် မူကြမ်း မတင်သွင်းနိုင်ရလည်း ကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို အယုံအကြည် မရှိဘူးလို့ ပြောပါတယ်။ "ရွေးကောက်ပွဲက ဘယ်အချိန်လုပ်မှာလဲ။ ကျနော်မသိပါဘူး။ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ် ကာလ ၂ လ ရပါတယ်။ မဲဆွယ်ကာလ ၂ လ မတိုင်မီ ၆ လ စောပြီးတော့မှ ဒါက ကျနော် အနည်းဆုံးကို ပြောတာပါ။ အဲဒီ ၆ လ စောပြီး ပြင်ဆင်မယ့်ဥပဒေမူကြမ်းကို လွှတ်တော်သို့ မတင်သွင်းနိုင်ဘူးဆိုရင်တော့ ကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို အယုံအကြည်မရှိပါကြောင်း ကျနော် ကြိုတင်ပြီးတော့မှ တင်ပြပါရစေ "  ဦးမောင်မြင့်က ဆိုပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကရင်ပြည်နယ် မဲဆန္ဒနယ် အမျိုးလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်အပါအဝင် ကိုယ်စားလှယ် ၁၄၅ ဦးတင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဆွေးနွေးတာမှာ မင်းကင်းမဲဆန္ဒနယ်က ဦးမောင်မြင့်က အခုလို ဆွေးနွေးခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024