အလစ်ဝင်တိုက်ခံရခြင်းကြောင့် တပ်စခန်းနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံးဟု ကေအိုင်အေပြော
နော်နိုရင်း
·
December 5, 2019
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာရဲ့ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာက ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ရဲ့တပ်စခန်းတခုနဲ့ လက်နက်ခဲယမ်းတွေ ဆုံးရှုံးရတာဟာ တပ်မတော်ဘက်က အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“ကျနော်တို့တပ်ရင်း ၈ ရဲ့ ရှေ့တန်းစခန်းဖြစ်ပါတယ်။ လူကတော့ ၅ ယောက်လေက်တော့ရှိ မှာပါ။ အဲဒါကို သူတို့ အလစ်အငိုက်နဲ့ဝင်တိုက်တာဖြစ်ပါတယ်။ စခန်းက ကေအို်ငအေအတွက် အရေးတော့ ပါတာပေါ့။ ကျနော်တို့ ဗျူဟာနဲ့ကြည့်မယ်ဆိုရင်တော့ အရေးပါတဲ့နေရာ တော့ဖြစ်ပါတယ်။ ”
အဆိုပါတပ်စခန်းမှာ မြန်မာ့တပ်မတော်နဲ့ အနီးကပ်ရှိနေတဲ့ စခန်းမဟုတ်ဘဲ ဝင်ရောက်တိုက်ခိုက်ခံရတာဖြစ်ပြီး တပ်မတော်ဘက်ကတော့ ကေအိုင်အေဘက် စတင်ပစ်ခတ်ခဲ့တာ လို့ ဒီဇင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။
ဒီပေါ် ဗိုလ်မှူးကြီး နော်ဘူက “ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာကတော့ ကေအိုင်အေက စပြီးမှ တိုက်တယ်ဆိုပြီးမှ ရေးထားတာတွေ့ရပါတယ်။ အမှန်ဆိုလို့ရှိရင်တော့ စခန်းထဲမှာ ဘာမှကျနော်တို့ဘက်လည်း တိုက်ပွဲတွေ ဆင်နွှဲတာမရှိဘူး။ ကျနော်တို့အေးဆေးနေတဲ့အချိန်မှာပဲ သူတို့ဘက်က လာပြီးမှဝင်တိုက်တာပါ။ ကေအိုင်အေက ဝင်တိုက်ပါတယ်ဆိုတဲ့ ဝေါဟာရ သုံးထားတာကို ကျနော်ဘက် ဘာမှ သုံးသပ်လို့မရပါဘူး။ ”
တပ်မတော်ရဲ့ ဒီဇင်ဘာ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းမှာတော့ ဝိုင်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းတကြောင်းဟာ နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီလောက်က နန်ဆန်ယန်ကျေးရွာရဲ့ အနောက်မြောက်ဘက် ၃ မိုင်လောက်အကွာအရောက် ကေအိုင်အေအဖွဲ့တွေက စတင်ပစ်ခတ်ခဲ့တဲ့အတွက် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကေအိုင်အေတပ်ဖွဲ့က အနောက်တောင်ဘက်ကို ဆုတ်ခွာသွားခဲ့ပြီး အခြေပြုထားတဲ့ စခန်း ၁ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာတဝိုက်ကနေ ကေအိုင်အေ ယူနီဖောင်းဝတ် အလောင်း ၁ လောင်း၊ ကေအိုင်အေတပ်ဖွဲ့မှ ထုတ်လုပ်တဲ့ ၁၀၇ မမ ရှော့တိုက်ဒုံးပစ်စင် ၁ ခုနဲ့ ဒုံးသီး ၁ လုံး၊ ၆၀ မမ စိန်ပြောင်း ၁ လက်အပါအဝင် လက်နက်ခဲယမ်းတွေနဲ့ တဲတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။