Home
မြန်မာသတင်း
ဒုတိယအကြိမ် ဓနုအမျိုးသားနေ့ နောင်ချိုမြို့တွင် ကျင်းပ
Aung Aung Naing
·
December 5, 2019
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့မှာ ဒုတိယအကြိမ်မြောက် ဓနု အမျိုးသားနေ့အခမ်အနားကို ဒီဇင်ဘာ ၄ ရက်နေ့က နောင်ချိုမြို့ မြို့မအားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။ ဓနုအမျိုးသားနေ့ဟာ တနိုင်ငံလုံးရှိ ဓနု အမျိုးသားများ ပထမဆုံးအကြိမ်ညီလာခံ ကျင်းပနိုင်ခဲ့တဲ့ နတ်တော်လဆန်း (၈) ရက်နေ့ကို ဓနုအမျိုးသားတစ်ရပ်လုံး ညီညွတ်စေသော နေ့ထူးနေ့မြတ်အဖြစ် ဓနုအမျိုးသားညီလာခံကြီးက သတ်မှတ်ဆုံးဖြတ်ခဲ့ရာကနေ ပေါ်ပေါက်လာခဲ့တာလို့ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောဆိုခဲ့ပါတယ်။ “တိုင်းရင်းသားလူမျိုးများ အမျိုးသားနေ့လို့ သတ်မှတ်တဲ့ရည်ရွယ်ချက်ဟာ မိမိတို့ရဲ့ဇာတိပုည ဂုဏ်မာနတွေကို သေချာစွာသိရှိနားလည်မှသာ ညီညွတ်ရှိစေရန် လူမျိုး ဘာသာစကား စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ ချစ်ခင်ရင်းနှီး ဖွံ့ဖြိုးတိုးတက်ဖို့ တိုင်ပင်ဆွေးနွေး အကောင်အထည်ဖော်ဆောင်သွားဖို့ လိုအပ်တယ်။”  အခမ်းအနားကို တက်ရောက်လာတဲ့ မသန္တာအေးက “တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၃၅ မျိုး နေထိုင်ကြပြီး တိုင်းရင်းသား ၁၃၅ မျိုးဟာ တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ပြည်နယ် တသီးခြားစီ နေထိုင်ကြတာ မဟုတ်ဘဲ ရောနှောစွာနှစ်ပေါင်းများစွာ အတူနေထိုင်လာခဲ့ကြတဲ့ တိုင်းရင်းသားတွေ လည်း ဖြစ်ပါတယ်။ ကျမတို့က တောင်ကြီးကနေ လာတာပါ။ နောင်ချိုမှာ ဒုတိယအကြိမ် ဓနုအမျိုးသားနေ့ ဒီနှစ်ကျင်းပခွင့်ရတဲ့အတွက် အများကြီး ပျော်မိပါတယ်။ ရပ်ဝေးမှာနေထိုင်ကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့လည်း ပြန်ဆုံခွင့် ဒီနေ့ရကြတယ်။ ကျမအနေနဲ့ပြောချင်တာက နောင်လာမယ့် ဓနုအမျိုးသားနေ့မှာ ဓနုတိုင်းရင်းသားတွေ ပိုများလာပြီး ဒီထက်မက ပိုပြီးစည်းလုံးစေချင်တယ်”လို့ ပြောပါတယ်။ ဒုတိယအကြိမ်ဓနုအမျိုးသားနေ့ အခမ်းအနားကို ပြည်သူလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးအာကာလင်းနဲ့အတူ ဓနုဒေသလုံဆိုင်ရာ ၉ မြို့နယ်က တာဝန်ရှိသူတွေ၊ ရွာငံ၊ ပင်းတယ၊ ရပ်စောက်၊ တောင်ကြီး၊ ကလော၊ အောင်ပန်း၊ နောင်ချို၊ ကျောက်မဲ၊ မန္တလေးစတဲ့ မြို့နယ်များမှာနေထိုင်ကြတဲ့ ဓနုတိုင်းရင်းသား နှစ်သိန်းနီးပါး တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024