Homeမြန်မာသတင်း
လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တာဝန်ရှိသူများကိုသာ ဖော်ထုတ်ရန် ကာဒီနယ်ချားလ်စ်ဘို ပန်ကြား
လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တာဝန်ရှိသူများကိုသာ ဖော်ထုတ်ရန် ကာဒီနယ်ချားလ်စ်ဘို ပန်ကြား
DVB
·
December 5, 2019
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားမှုတွေ အတွက် တာဝန်ရှိတဲ့သူတွေကိုသာ ဦးတည်ဖော်ထုတ်ဖို့ ကြိုးပမ်းကြစေလိုတယ်လို့ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် သာသနာဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ပန်ကြား လိုက်ပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုမှုအပေါ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကာဒီနယ်ချားလ်စ်ဘိုက ပန်ကြားလိုက်တာပါ။
“မြန်မာနိုင်ငံသည် လွန်ခဲ့သော (၇) နှစ်တာ ကာလအတွင်း ပြင်ပကမ္ဘာနှင့် ပြန်လည်ချိတ်ဆက် လုပ်ဆောင်ရန် ခက်ခက်ခဲခဲကြိုးပမ်းလာခဲ့ရပါသည်။ ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတရားမှုများအတွက် တာဝန်ရှိသူတို့ကိုသာ ဦးတည်ဖော်ထုတ်ရန် ကြိုးပမ်းကြပါဟု ကျွန်ုပ်တိုက်တွန်းလိုပါသည်။”
နိုင်ငံအတွင်း နှစ်ပေါင်း ၇၀ အတွင်း ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသား ပဋိပက္ခတွေ၊ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုနဲ့ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်မှုတွေကြောင့် ကြောက်မက်ဖွယ် သွေးထွက်သံယိုမှု၊ သေကြေပျက်စီးမှု၊ ကျွန်ပြုမှု၊ မုဒိမ်းမှု၊ ထိခိုက်နာကျင်မှုတို့ဖြစ်ပွားခဲ့ကြပြီး အမုန်းတရားနဲ့ စစ်ပွဲများကြောင့် ရာထောင်ချီတဲ့ ပြည်သူပြည်သားတွေ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ ကာဒီနယ်ချားလ်စ်ဘိုက ပြောပါတယ်။
ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ တရားမျှတမှုကို ရှာဖွေရာမှာ မြန်မာ ပြည်သူပြည်သားတို့၏ ကောင်းကျိုးအတွက် ထည့်သွင်းစဉ်းစားစေလိုတယ်လို့ ဆိုပါတယ်။
“အထူးသဖြင့် လူသားတို့အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် တာဝန်ရှိသူတို့အား ပြစ်မှုမြောက်ကြောင်း ဖော်ပြနိုင်ရန် ကြိုးပမ်းရာတွင် မရည်ရွယ်ဘဲ တာဝန်မရှိသူတို့အား အပြစ်ဖို့ခြင်း၊ မြန်မာပြည်သူ ပြည်သားတရပ်လုံးကို ခြုံ၍အပြစ်ဒဏ်ခတ်ခြင်းတို့မဖြစ်ပေါ်စေရန်၊ အဆင်းရဲဆုံးသောသူများအား ထိခိုက်စေမည့် နည်းလမ်းများကို ရှောင်ရှားကြရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျွန်ုပ် ပန်ကြားလိုပါသည်။”
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ သည်ဟိဟ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတာ ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ စတင်ကြားနာမှာဖြစ်ပါတယ်။