ဗစ်တိုးရီးယားအမှု နောက်ရုံးချိန်းတွင် ဆရာမ နှင်းနုအပါအဝင် ၃ ဦးကို စစ်ဆေးမည်
နေဖြိုးဝင်း
·
December 4, 2019
ဗစ်တိုးရီးယားအမှုကို လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပြီး ဒီရုံးချိန်းမှာ သက်သေတွေအဖြစ် အများစိတ်ဝင်စားနေတဲ့ Wisdom Hill ကျောင်းက ဆရာမနှင်းနုအပါအဝင် ဆရာမ ၃ ယောက်ကို စစ်ဆေးသွားမယ်လို့ ဗစ်တိုးရီးယားရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။
ဒီကနေ့ ဗစ်တိုးရီးယားအမှု ၁၂ ကြိမ်မြောက်ရုံးချိန်းအပြီးမှာ မီဒီယာတွေကို ပြောတာပါ။
"၁၈ ရက်နေ့ ရုံးချိန်းကကျတော့ ဆရာမနှင်းနုနဲ့ နောက်ထပ် သက်သေ ကျောင်းဆရာမ နှစ်ယောက်ပေါ့။ ဆရာ မနှင်းနုအနေနဲ့ ဘာတွေထွက်ဆိုမလည်း စောင့်ကြည့်ရမှာပဲ။ ဆရာမနှင်းနု က ဘယ်လောက်အတိုင်းအတာထိ ထွက်ဆိုချက်ပေးနိုင်မလည်း ဒါမျိုးတွေကြည့်ရမယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နှစ်ဖက် သက်သေတွေလည်း ရှိနေသေးတာဖြစ်တဲ့အတွက် တနေ့နေ့ တချိန်ချိန်မှာတော့ အားလုံးပေါ်လာမှာပါ" လို့ ဒေါ်ရွက်နုအောင်က ပြောပါတယ်။
၁၈ ရက်နေ့မတိုင်ခင် ၁၇ ရက်နေ့မှာ CID က ရဲမှုးငြိမ်းချမ်းအောင်၊ မြန်မာနိုင်ငံ ကွန်ပျုတာ ပညာရှင်များအသင်း ဥက္ကဌ ဦးမင်းဇေယျာလှိုင်၊ ဦးပြည့်ဖြိုးအောင်၊ ကိုမိုးတို့ လေးဦးက CCTV မှတ်တမ်းတွေ ပြန်ဖော်ထုတ်ကြမယ်လို့လည်း ဆိုပါတယ်။
"လာမယ့် ၁၇ ရက်နေ့မှာ အဲလူတွေအားလုံးက ဒီတရားရုံးမှာ လေးယောက်လုံး လာစုံမယ်၊ စုံပြီးရင် DVR+Hardisk ကို ပြန်ပြီးဖော်ထုတ်မယ်။ ပြီးတော့ နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာ တွေလည်း ယူလာပြီးတော့ ဒါ ကြီးကို ဖော်ထုတ်ကြမယ်" လို့ ဒေါ်ရွက်နုအောင်က ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာတော့ ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက်ရုံးချိန်းမှာ စစ်ဆေးတာ မပြီးသေးတဲ့ Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နဲ့ ကျောင်းဆရာမနှစ်ဦးကို စစ်ဆေးခဲ့ပါတယ်။