ICJ တွင် သွားရောက်ဖြေရှင်းမည့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ရမ်းဗြဲတွင် ပြုလုပ်
DVB
·
December 4, 2019
နိုင်ငံ့ကိုယ်စား ICJ တရားရုံးမှာ သွားရောက်ဖြေရှင်းမယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံတဲ့ပွဲကို ရခိုင်ပြည်နယ်မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ICJ မှာ တရားစွဲဆိုထားတဲ့အပေါ် နိုင်ငံ့ကိုယ်စားသွားရောက်ဖြေရှင်းမယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့အနေနဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့မှာ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်က လူထုထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး စွဲဆိုမှုအပေါ် နိုင်ငံရဲ့ ဂုဏ်သိက္ခာ ထိခိုက်တဲ့အတွက် နိုင်ငံ့ခေါင်းဆောင်နဲ့အတူ တသွေးတည်း တသားတည်းရှိကြောင်းနဲ့ တရားမျှတမှုကို လိုချင်တဲ့အတွက် အခုလိုထောက်ခံတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးခင်ရီက ပြောပါတယ်။
တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး နယ်သာလန်နိုင်ငံ The Hague မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကြားနာသွားမှာဖြစ်ပါတယ်။
အဲ့ဒီလူထုထောက်ခံပွဲကို ဒီကနေ့မနက်၈နာရီက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ရှိ အောင်စေတီဓမ္မဗိမာန်ဝင်းအတွင်းမှာ လူဦးရေ ၈၀ ခန့်က We Stand With Our Leader, We Stand With Justice, We Stand With Our State Counsellor စတဲ့ စာတမ်းပါ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ထောက်ခံခဲ့ကြပါတယ်။
ယူမင်းစိုး