Home
မြန်မာသတင်း
မသန်စွမ်းသူများထံ သတင်းအချက်အလက်ရရှိမှု အားနည်းနေ
DVB
·
December 4, 2019
မသန်စွမ်းသူတွေဆီကို သတင်းအချက်အလက်ရောက်ရှိမှု အားနည်းတဲ့အတွက် မီဒီယာသမားတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီးမှ မသန်စွမ်းသူ‌တွေရဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးနိုင်မယ်လို့ ကရင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးဇော်မင်းက ပြောပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ဒီဇင်ဘာ ၃ ရက်နေ့က ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားမှာ အခုလို ပြောဆိုခဲ့တာပါ။ အခမ်းအနားကို မသန်စွမ်းသူတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရ၊ တကမ္ဘာ့လုံးက အထူးအလေးဂရုပြုတယ် ဆိုတာကို သိရှိစေဖို့၊ အားလုံးက မသန်စွမ်းသူအရေးကိစ္စတွေကို အခုထက်ပိုမိုသိရှိပြီး ပိုမိုဆောင်ရွက်ပေးနိုင်ဖို့ ရည်ရွယ်ပြုလုပ်တာပါ။ ကရင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးဇော်မင်းက “ပြည်သူတွေဆီကို သတင်းတွေရောက်ရှိမှုက တချို့နေရာတွေမှာ အားနည်းတာပေါ့။ ဒါကြောင့်မို့လို့ မီဒီယာသမားတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ပြည်သူတွေကြားထဲကို ဒီသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် ဆောင်ရွက်နေပါတယ်။ မသန်စွမ်းသူ​​တွေ သိရှိပြီး လိုအပ်ချက်တွေကို ပူးပေါင်းဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်” လို့ ပြောပါတယ်။ မသန်စွမ်းသူများဘဝ မြှင့်တင်ရေးအဖွဲ့၊ တာဝန်ခံ ကိုရဲထင်ကျော်က “မသန်စွမ်းအရေးက ဌာနတခု၊ တဦး တယောက်နဲ့ သက်ဆိုင်တာမဟုတ်ပါဘူး။ မသန်စွမ်းတွေရှိတယ်ဆိုရင် ဘယ်လို ကူညီဆောင်ရွက်ရမလဲ။ ဘယ်လိုပံ့ပိုးရမလဲ ဆိုတဲ့ဟာမျိုးကို နည်းမှန်လမ်းမှန်နဲ့သိအောင် အားလုံး ပူးပေါင်းလုပ်မှသာ အရွေ့တခုကို ရွေ့နိုင်မယ်”လို့ ပြောပါတယ်။ အခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား ကျောင်းသူတွေနဲ့ မသန်စွမ်း အားကစားပြိုင်ပွဲဝင်တွေကို ဆုချီးမြှင့်ပေးအပ်ခဲ့သလို မသန့်စွမ်းသူတွေအတွက် သွားလာရေးအဆင်ပြေစေဖို့ Health for All က ကလေးလက်တွန်း Wheelchair နဲ့ လူကြီးအတွက် လက်လှည့်ကားတွေကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနဲ့ မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို ပိုက်လော့ပရောဂျက်အနေနဲ့ ကနဦး ၃ မြို့နယ်အနေနဲ့ လှိုင်သာယာမြို့နယ်၊ ညောင်လေးပင်မြို့နယ်နဲ့ ဘားအံမြို့နယ်တွေမှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလကစတင်ပြီး မသန်စွမ်းသူတွေကို မိုဘိုင်းဖုန်းနဲ့ ငွေသားထောက်ပံ့တဲ့ လုပ်ငန်းစဉ်ကို Help Age International Program Manager တို့ ပူးပေါင်းပြီး Electronic Cash Transfer စနစ်နဲ့ ဖာပွန်မြို့နယ်အတွင်းမှာ ဆောင်ရွက်နေသလို ထပ်မံ‌တိုးချဲ့ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။ ကရင်​​ပြည်နယ်အတွင်းက မသန်စွမ်းသူတွေကို ထောက်ပံ့ကြေးပေးအပ်ရာမှာ မသန်စွမ်းသူ ၁ သောင်းကျော်အတွက် ကျပ်သိန်းပေါင်း ၆၃၀၀ ကျော်ကို သက်ဆိုင်ရာမြို့နယ်အလိုက် ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ကရင်ပြည်နယ်အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ လူမှုရေး၊ ကျန်းမာရေးကိစ္စရပ်တွေကို အထူးကိစွတရပ်အနေနဲ့ အလေးထားပြီး ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ရဲမင်းခေါင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024