မြောက်ဦးပေါက်ကွဲမှု ဗုံးသီးဟောင်းကို ကျောက်ခဲဖြင့်ထုခြင်းဖြစ်ဟု တပ်မတော် ထုတ်ပြန်
DVB
·
December 4, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ချင်းပျံ တောရပ်ကွက်ရှိ ကားလမ်းမပေါ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာ မဟုတ်ဘဲ ဗုံးသီးဟောင်းကို ကျောက်ခဲနဲ့ ထုတာကြောင့် ပေါက်ကွဲမှု ဖြစ်ပြီး လူသေဆုံး ဒဏ်ရာရခဲ့တာလို့ တပ်မတော်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ချင်းပျံ တောရပ်ကွက်ရှိ ကားလမ်းမပေါ်မှာ ဒီဇင်ဘာ ၂ ရက် ညနေ ၅ နာရီလောက် ပေါက်ကွဲမှုတခု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက် စစ်ဆေးရာ ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာများရရှိခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်မှာ ချင်းပျံတောရပ်ကွက်နေ မောင်လှမောင်သိန်း (ဘ) ဦးချဘူးဟာ ညနေ ၃ နာရီခွဲလောက် အလယ်ဈေးရပ်ကွက်၊ ကျောက်ပြင်ဆပ်တောရဘုန်းကြီးကျောင်းအနီးမှာ တွေ့ရှိတဲ့ အရှည် ၁ ပေခန့်ရှိ ဗုံးသီးဟောင်းတတလုံး ယူဆောင်လာပြီး အိမ်အနီးရှိ လမ်းမပေါ်မှာ ချထားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဗုံးသီးဟောင်းအား အစ်မဖြစ်သူ မဆန်းအေးနုက ကျောက်ခဲနဲ့ ထုနှက်ခဲ့ရာမှ ပေါက်ကွဲခဲ့ပြီး မနုနုဝင်းနဲ့ ကလေးငယ် ၂ ဦးတို့သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၅ ဦးတို့ ဒဏ်ရာများအသီးသီးရရှိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါဒဏ်ရာရရှိသူများအား မြောက်ဦး ပြည်သူ့ဆေးရုံကို ပို့ဆောင်ဆေးကုသမှုခံယူနေ တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် လူသေဆုံးဒဏ်ရာရရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် တပ်မတော်က အခုလို ကြေညာချက်ထုတ်ပြန်လိုက်တာပါ။