
Lead Story နိုင်ငံတကာ သတင်း သဘာဝပတ်ဝန်းကျင်/ရာသီဥတု
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး အညံ့ခံအရှုံးမပေးရန် ကုလအကြီးအကဲပြော

Email This Story :
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးမှာ အညံ့ခံ အရှုံးပေးတာထက်စာရင် မျှော်လင့်ချက်ကို ရွေးချယ်ရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က ဒီဇင်ဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။
အစိုးရတွေဟာ ပြန်လမ်းမဲ့ နေရာတခုဆီ အိပ်ပျော်လျက်သား လျှောက်လှမ်းနေရတဲ့ ဘေးကို ရင်ဆိုင်နေရတယ်လို့လည်း စပိန်နိုင်ငံ မြို့တော် မက်ဒရစ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိပ်သီးညီလာခံမှာ ပြောလိုက်တာပါ။
ကမ္ဘာကြီး ပူနွေးမှုကို ထိန်းချုပ်ဖို့ ၂၀၁၅ ပါရီ သဘောတူညီချက်ကို ထောက်ခံအားပေးနိုင်ရေး သီတင်းပတ် နှစ်ပတ်ကြာမယ်လို့ ညီလာခံက ရည်မှန်းထားပါတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ရည်မှန်းချက်ပိုကြီးတဲ့ လုပ်ဆောင်ချက်တွေကို ဦးဆောင်အားပေးတဲ့ ကုလသမဂ္ဂအကြီးအကဲက လူသားအားလုံးရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းမှုကို ဒုက္ခပေးနေတဲ့ အညံ့ခံရေးလမ်းကြောင်းကို ရှောင်ရှားဖို့ အစိုးရတွေကို တိုက်တွန်းပါတယ်။
ကမ္ဘာမီးလောင်နေတဲ့အချိန်မှာ သဲထဲ ခေါင်းနှစ်ပြီး ပုန်းရှောင်နေတဲ့ မျိုးဆက်အဖြစ် မှတ်မိခံရတာမျိုး တကယ်လိုချင်သလားလို့လည်း ညီလာခံဖွင့်ပွဲ မိန့်ခွန်းမှာ မေးခွန်းထုတ်လိုက် ပါတယ်။
ကုလ ရာသီဥတုညီလာခံရဲ့ ဥက္ကဋ္ဌ နေရာကို ပိုလန်နိုင်ငံက ချီလီနိုင်ငံဆီကနေ ဒီဇင်ဘာ ၂ ရက်မှာ တရားဝင် လွှဲပေးခဲ့ပါတယ်။ နိုင်ငံအများအပြားဟာ သူတို့ကတိတွေကို ပြည့်မီအောင် မဆောင်ရွက်ခဲ့ကြဘဲ နိုင်ငံရေးဆန္ဒလည်း ကင်းမဲ့နေတယ်လို့ ဂူတာရပ်စ်က သတိပေးပါတယ်။
ဒီနှစ်ထဲ ကမ္ဘာမှာ မကြုံစဖူး ထူးကဲဆိုးရွားတဲ့ ရာသီဥတု ကပ်ဘေးတွေကို ကြုံခဲ့ရတာပါ။ အာတိတ်လွင်ပြင် အအေးလှိုင်း၊ အမေဇုန် တောမီးနဲ့ သြစတြေးလျ ချုံပုတ်မီးတွေကနေ စံချိန်တင် ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်းတွေကို ကမ္ဘာအနှံ့ ကြုံတွေ့ ရင်ဆိုင်ခဲ့ရပါတယ်။
ပါရီ သဘောတူညီချက်ပါ ကတိတွေကို အကောင်အထည်ဖော်ရာမှာ ကမ္ဘာကြီး ပူနွေးမှုကြောင့် ဖြစ်လာတဲ့ ကပ်အဆိုက်ဆုံး နောက်ဆက်တွဲ ဖြစ်ရပ်တွေကို ရှောင်ရှားဖို့ အသွင်ပြောင်း လုပ်ဆောင်ချက်တွေ လုပ်ဖို့ လိုနေပါသေးတယ်။
ကမ္ဘာကြီး ပူနွေးမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာ မိုးခေါင်တာ၊ မုန်တိုင်းတွေနဲ့ တခြား သက်ရောက်မှုတွေ အပါအဝင် ရာသီဥတု အခြေအနေတွေနဲ့ ပြင်းထန်မှုတွေ ပြောင်းလာတယ်လို့ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။
၂၀၅၀ ပြည့်နှစ်မှာ ရာသီဥတုနဲ့ ကာဗွန်ထုတ်လုပ်မှု အေးဆေးတည်ငြိမ်တဲ့ အဆင့်ကို ရောက်ရေး ပန်းတိုင်အတွက် ပါရီ သဘောတူညီချက်ကို နိုင်ငံပေါင်း ၇၀ က ကတိပြုထားပါတယ်။
ဒီအတွက် သစ်ပင်စိုက်တာ ဒါမှမဟုတ် ကာဗွန်ဓာတ်ငွေ့ကို ဖမ်းယူတဲ့ နည်းပညာကို သုံးတာတွေ အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ဟန်ချက်ညီအောင် လုပ်ဖို့ လိုအပ်ပါတယ်။