ရေးမြို့တွင် စိတ်ဝေဒနာရှင်မိန်းကလေး အဓမ္မပြုကျင့်ခံရ
DVB
·
December 2, 2019
မွန်ပြည်နယ် ရေးမြို့နေ စိတ်ကျန်းမာရေးရောဂါဝေဒနာရှင် အမျိုးသမီးတဦး အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ဒေသခံ ရဲအရာရှိက ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်ညနေ ၅ နာရီခွဲက အသက် ၂၄ နှစ်အရွယ် စိတ်ကျန်းမာရေးဝေဒနာရှင် မိန်းကလေးဟာ နေအိမ်ကထွက်ခွာပြီး ဝက်သားတုတ်ထိုးဆိုင်မှာ စားနေစဉ် တရပ်ကွက်တည်းနေ ရင်းနှီးခဲ့တဲ့အသိထဲက ဆိုင်ကယ်ကယ်ရီသမားကျော်စွာဦးဆိုသူက ဆိုင်ကယ်မောင်းသင်ပေးမယ် ဆိုပြီး ခေါ်တဲ့အတွက် လိုက်သွားခဲ့တာပါ။
ပြုကျင့်သူလို့စွပ်စွဲခံရတဲ့ ကျော်စွာဦးဟာ အဲဒီမိန်းကလေးကို ဆိုင်ကယ်မောင်းသင်မပေးဘဲ တူးမြောင်းကျေးရွာအုပ်စု လေယာဉ်ကွင်းဟောင်းမှာ အဓမ္မ ၁ ကြိမ်၊ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ကာမဆက်ဆံမှု ၁ ကြိမ် ပြုကျင့်ခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။
စိတ်ဝေဒနာရှင်မိန်းကလေးကို ပြုကျင့်ပြီးတာနဲ့ ကိုကျော်စွာဦးဟာ ဆိုင်ကယ်နဲ့ပြန် ခေါ်လာကာ ရွာကလေး ဈေးမှာချထားပေးပြီးည ၈ နာရီမှာ နေအိမ်ကို ပြန်ရောက်လာမှ မိဘတွေ သိရှိပြီး ရဲစခန်းမှာ တိုင်တန်းခဲ့တာပါ။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ရေးမြို့မရဲစခန်းက ရာဇာသတ်ကြီးပုဒ်မ ၃၇၆/၃၇၇အရ ကျော်စွာဦး ကို အမှုဖွင့်အရေးယူထားပါတယ်။
သတင်း - နေမျိုးထွဋ်