ကျားဖောင်လုပ်ငန်းတွင် လူပွဲစားများကိုအကျိုးဆောင်ခပေး၍ ရေလုပ်သားရှာခိုင်းနေ
DVB
·
December 2, 2019
ပင်လယ်ကျားဖောင်လုပ်ငန်းရဲ့လိုအပ်ချက်အရ လူပွဲစားတွေကို အကျိုးဆောင်ခပေးပြီး ပင်လယ်ရေလုပ်သား ရှာခိုင်းနေရတယ်လို့ ဖျာပုံခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။
နိုဝင်ဘာလ ၃၀ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အောင်နိုင်သူ ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာများကို ရှင်းလင်းပြောဆိုခဲ့တာပါ။
ဖျာပုံခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသံချောင်းက “အလုပ်သမားရှာပေးတဲ့ လူပွဲစားတွေ ကိုထိုက်သင့်တဲ့ အကျိုးဆောင်ခ၊ လမ်းစာရိတ်ပါပေးပြီး ပင်လယ်ကျားဖောင်ရေလုပ်သား ရှာခိုင်းနေရတယ်”လို့ ပြောပါတယ်။
ပင်လယ်ပြင်ရေလုပ်ငန်းအတွက် ဒေသနဲ့ကိုက်ညီမယ့် အလုပ်ရှင် အလုပ်သမား ဥပဒေရေးဆွဲ ပြဋ္ဌာန်းပေးဖို့ လိုအပ်နေနေတယ်လို့ ပင်လယ်ကျားပိုက်လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒေါ်ညိမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရွှေပေါက “ပင်လယ်ရေသားအချင်းချင်း ခိုက်ရန်ဖြစ်ပြီး ရာဇဝတ်မှုတွေလည်းရှိတယ်။ အဓိက သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာန စိစစ်ဖို့ လိုတယ်၊ စိစစ်ဖို့လည်း အရေးကြီးပါတယ်။ ပင်လယ်ပြင်မှာ ဖောင်တွေက အဆမတန်များပြားလာ တဲ့ အတွက် ကျွမ်းကျင်အလုပ်သမား ရှားပါးလာတယ်။ ကျွမ်းကျင်အလုပ်သမားရှားပါးလာတော့ နယ်စုံကအလုပ်သမားတွေရောက်လာပြီး ပင်လယ်လုပ်ငန်းခွင်မှာ ခိုက်ရန်ဖြစ်ပြီး ရာဇဝတ်မှုတွေ လည်း ဖြစ်နေတယ်”လို့ ပြောပါတယ်။
မကြာသေးခင်ကပဲ ဒဂုံတက္ကသိုလ်ကျောင်းသားတဦး ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းမှာ လူကုန်ကူးခံရပြီး ပြန်လည် လွတ်မြောက်လာခဲ့တာပါ။
ဖျာပုံမြို့နယ်ရှိ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းတွေမှာ လူကုန်ကူးမှုနဲ့ အဓမ္မညှဉ်းပန်းနှိပ်စက် အလုပ်စေခိုင်မှုတွေရှိနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေချိန်မှာ ဖျာပုံခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတွေက မီဒီယာတွေကို တွေ့ဆုံရှင်းလင်း ပြောကြားခဲ့တာပါ။
ကျော်စိုးမိုး