Home
မြန်မာသတင်း
ရှမ်းပြည်နယ်ညီလာခံအတွက် တိုင်းရင်းသားလက်နက်ကိုင်များပါဝင်သော ကော်မတီဖွဲ့စည်း
နန်းမြနဒီ
·
January 30, 2013
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီနဲ့ လူမှုအဖွဲ့အစည်းတွေကြား  ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ   ရှမ်းပြည်နယ်ညီလာခံ ကျင်းပနိုင်ဖို့ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပါဝင်တဲ့ ကော်မတီတရပ်ကို ဇန်န၀ါရီ ၂၉ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်က တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေဟာ ဇန်န၀ါရီ ၂၉ ရက်နေ့က လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးအပြီး ဒီကော်မတီကို ဖွဲ့စည်းခဲ့တာလို့ ဆွေးနွေးပွဲဖြစ်မြောက်အောင် ကမကထပြုလုပ်ပေးတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။ [caption id="attachment_25899" align="alignleft" width="150" caption="ဦးစိုင်းလိတ်"][/caption] “မနေ့က လက်နက်ကိုင်အဖွဲ့အစည်း ၂ ခုနဲ့ နိုင်ငံရေးပါတီ ၇ ခု၊ စုစုပေါင်း ၉ ဖွဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းပြီးပြီ။ လားရှိုးမှာလုပ်ဖြစ်ဖို့ များတယ်။ ကော်မတီ ၁၁ ဦး ရှိပါတယ်။” အခုဖွဲ့စည်းလိုက်တဲ့ ကော်မတီထဲမှာ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ကိုးကန့်ဒီမိုကရက်တစ်ညီညွတ်ရေးပါတီ၊ ၀ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကယန်းအမျိုးသားပါတီက ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ ကော်မတီအနေနဲ့ ညီလာခံဖြစ်မြောက်ရေးအတွက် ရန်ပုံငွေရှာဖွေရေး၊ ပြန်ကြားရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်မှာဖြစ်ပြီး  နောက်ထပ် ဆပ်ကော်မတီတွေပါ ဖွဲ့စည်းသွားဖို့ အစီအစဉ်လည်း ရှိပါတယ်။ ရှမ်းပြည်နယ်လုံးဆိုင်ရာ ဆွေးနွေးပွဲမှာ ကယားပြည်နယ်ပါ ပူးပေါင်းပါဝင်လာခြင်းနဲ့ ပတ်သက်ပြီး  ဦးစိုင်းလိတ်က ခုလိုရှင်းပြပါတယ်။ “ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်က နယ်မြေဒေသချင်းဆက်စပ်သလို လူအနေအထားအားဖြင့်လည်း အမြဲတမ်း ကူးလူးဆက်ဆံမှု ရှိတယ်။ ပဒေသရာဇ်ခေတ်လက်ထက်ကတည်းက ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ခွဲခြားမှုမရှိဘဲ တသားတည်းနေလာခဲ့ကြတယ်။ အခုလုပ်မယ့်ညီလာခံမှာလည်း ကယားပြည်နယ်ရဲ့လိုအပ်ချက်နဲ့ ရှမ်းပြည်နယ်ရဲ့လိုအပ်ချက် အတူတူလောက်ကျတာပေါ့။ သူတို့ကလည်း တန်းတူညီရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လိုချင်တယ်။ ကျနော်တို့ကလည်း ဒါပဲတောင်းနေတယ်။ နောက် အစိုးရသစ်လိုအပ်နေတာက အချင်းချင်းယုံကြည်မှုတည်ဆောက်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဖြစ်လို့ ရည်ရွယ်ချက်ချင်းတူလို့ ပူးပေါင်းလိုက်ကြတာ ဖြစ်ပါတယ်။” ညီလာခံကို လာမယ့်မတ်လ ပထမပတ်ထဲမှာ ကျင်းပဖို့ လျာထားပြီး နိုင်ငံရေးပါတီ ၁၃ ပါတီ၊ အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့  ပါဝင်မှာဖြစ်ကြောင်း ညီလာခံရလဒ်အနေနဲ့ အနည်းဆုံး ကယားပြည်နယ်ထဲမှာရှိတဲ့ လူမျိုးအားလုံးနဲ့ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ လူမျိုးအားလုံးရဲ့ နိုင်ငံရေးလိုလားချက်၊ နိုင်ငံရေးရည်မှန်းချက် ဘုံသဘောတူညီချက် တခုခု ရလာမယ်လို့ မျှော်မှန်းတယ်လို့လည်း သိရပါတယ်။ ပထမအဆင့် ရှမ်းညီလာခံကို   ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းတွေကြားမှာ  ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024