Home
မြန်မာသတင်း
ကရင်နီ လူငယ်များအပေါ် ထပ်မံတရားစွဲရန်ပြင်ဆင်ချက် ကေအန်ပီပီ ကန့်ကွက် 
DVB
·
November 30, 2019
ကရင်နီလူငယ်တွေကို ထပ်မံစွဲဆိုဖို့ ပြင်ဆင်တာဟာ အစိုးရကိုယ်၌က ဥပဒေရဲ့ သဘောသဘာဝကို နားမလည်ရာရောက်ပြီး တရားစီရင်ရေးရုံးရဲ့ အခွင့်အာဏာကို ဝင်စွက်ဖက်ရာ ရောက်တဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။  နိုဝင်ဘာလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပြီး ဒီအမှုနဲ့ပတ်သက်လို့ ဆက်လက်ဆောင်ရွက်ပါက ဖြစ်ပေါ်လာမယ် နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ ဒီမတရားမှုကို ထပ်မံကျူးလွန်ဖို့ ပြင်ဆင်သူများရဲ့ တာဝန်ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။  ကယားပြည်နယ်အစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂလိကဆိုင်ရာ လွတ်လပ်ခွင့်နဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေနဲ့လက်ဝယ်ရှိ အာဏာကို အသုံးပြုပြီး ကရင်နီလူငယ် ၆ ဦးကို လွိုင်ကော်မြို့နယ်တရားရုံးကို စွဲဆိုတင်ပို့ခဲ့ရာ တရားရုံးက ကြားနာစစ်ဆေးပြီး ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။  လူငယ်တွေအနေနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံယူပြီးလို့ တရားသေ ပြန်လွှတ်ပြီးချိန်မှာ ပြစ်ဒဏ်တိုးမြှင့်ရေးအတွက် လွိုင်ကော်ခရိုင်တရားရုံးကို ထပ်မံစွဲဆိုဖို့ တင်ပြမှုဟာ အာဏာလက်ဝယ်ရှိထားတဲ့ အစိုးရတရပ်က ဆောင်ရွက်ခြင်းကို လက်ခံနိုင်စရာ မရှိကြောင်းလည်း ထုတ်ပြန်ပါတယ်။  ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၆ လချမှတ်ခံထားရတဲ့ ကရင်နီလူငယ် ၆ ဦးအမှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်မှုအပေါ် ကျေနပ်မှုမရှိတဲ့အတွက် ပြည်နယ်အစိုးရကိုယ်စား တရားလို ဦးသက်နောင်က လွိုင်ကော်ခရိုင်တရားရုံးမှာ နိုဝင်ဘာ ၂၂ ရက်စွဲနဲ့ အမှုပြင်ဆင်ချက် တက်ထားပါတယ်။ အဆိုပါ ပြင်ဆင်ချက်လျှောက်လွှာမှာ  ကရင်နီလူငယ်တွေ ဖြစ်တဲ့ ခူးကြူးဖဲကေး(ခ)ဂူးဂူး ခူးရီးဒူ၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ကိုစစ်မုန်း(ခ) ဒီးဒီတို့ဟာ ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ ကယားပြည်နယ် စီမံဘဏ္ဍာဝန်ကြီးတို့ရဲ့ အမည်တွေကို နိုင်ငံရေး ရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးရဲ့ ရန်သူများ၊ ကျေးဇူကန်းသူများ စသဖြင့် သုံးနှုန်ဖော်ပြထားတာဟာ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ရဲ့ ပုဂ္ဂိုလ်ဆိုင်ရာဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင် သူတို့ ကိုယ်စားပြုထားတဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတယ်လို့ ဖော်ပြပါတယ်။ အဆိုပါ ပြင်ဆင်ရန်အတွက် လျှောက်လွှာကို လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့ ကြားနာဖို့ ရုံးပြန်ချိန်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024