ဖမ်းဆီးရမိသည့် ကျားသစ်ပေါက် ၂ ကောင်ကို မန္တလေး တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်
Aung Ko Latt
·
November 30, 2019
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းက ဖမ်းဆီးရမိထားတဲ့ သစ်ကြောင် (ကျားသစ်) သားပေါက် ၂ ကောင်ကို မန္တလေးမြို့ရှိ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်ကို သွားရောက်ပို့ဆောင် လှူဒါန်းခဲ့ပါတယ်။
ကျားသစ်ပေါက် ၂ ကောင်က အထီး ၁ ကောင်နဲ့ အမ ၁ ကောင်ဖြစ်ပြီး လွန်ခဲ့တဲ့ ၁ လကျော်က ဗန်းမောက်မြို့နယ်၊ မံအင် မင်းကုန်းအုပ်စု၊ အနောက်ကုန်းကျေးရွာ အနောက်ဘက် တောအတွင်းမှ ဦးငွေအောင် ဆိုသူက ရရှိခဲ့တာပါ။
ကျားသစ်ပေါက် ၂ ကောင်က အရွယ်အားဖြင့် ၁ နှစ်ခွဲခန့်ရှိပြီလို့ သိရပါတယ်။ သူတို့ရဲ့ လုံခြုံရေးအတွက် တောထဲပြန်လွှတ်ရင်လည်း စိတ်မချရတာကြောင့် မန္တလေးကို ပို့ဆောင်ပေးတာလို့ သွားရောက်ပို့ဆောင်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီဟန်က ပြောပါတယ်။
"လုံခြုံစိတ်ချရတဲ့ တိရစ္ဆာန်ဥယျာဉ်ကို ပို့မှသာ အဆင်ပြေမှာဖြစ်တယ်။ သူတို့အနေနဲ့လည်း ဒါကို ကြီးတဲ့အထိ တာဝန်ယူစောင့်ရှောက်ဖို့ မဖြစ်နိုင်ဘူး။ အဲဒီကနေ ကျနော့်ဆီကို အပ်တယ်။ ကျနော်ကတဆင့် မန္တလေးကို ပို့ပေးတာဖြစ်ပါတယ်။ လောလောဆယ်တော့ သီးသန့်ထားရှိပါတယ်။"
ကျားသစ်ပေါက် ၂ ကောင်ကိုတော့ မန္တလေးမြို့ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှ အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းအောင်က လက်ခံရယူခဲ့ပြီး လတ်တလောမှာတော့ သီးသန့်ခွဲထားကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားတယ်လို့ သိရပါတယ်။
နောက်ပိုင်းမှာတော့ ပြခန်းမှာ အရင်ရှိထားတဲ့ အမျိုးအစားတူ ကျားသစ်တွေနဲ့ အတူထားရှိမယ်လို့ ဆိုပါတယ်။
မန္တလေး ရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှာ အရင်က သစ်ကြောင်(ကျားသစ်) အထီး၊ အမ ၁ စုံ ရှိထားပါတယ်။ လက်ရှိမှာတော့ အထီး ၂ ကောင်၊ အမ ၂ကောင် စုစုပေါင်း ၄ ကောင်ရှိပြီဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကလည်း ဗန်းမောက်မြို့နယ်၊ မံအင်မင်းကုန်းအုပ်စုအတွင်းမှာပဲ ဖမ်းဆီးရမိတဲ့ ရှားပါး တောရိုင်းတိရစ္ဆာန် ဟိမဝန္တာဝက်ဝံ ၂ ကောင်ကို ဦးညီညီဟန်ကတဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပေးအပ်ခဲ့ပြီး သစ်တောဦးစီးဌာနကို လွှဲပြောင်းခဲ့ဖူးပါတယ်။
စစ်ကိုင်းတိုင်းမှာ သစ်တောဖုံးလွှမ်းမှု ၄၀ ရာခိုင်နှုန်းကျော်ရှိပြီး အဲဒီသစ်တောတွေအတွင်း ရှားပါးတောရိုင်းတိရစ္ဆာန်တွေ၊ မျိုးတုံးပျောက်ကွယ်တော့မယ့် တိရစ္ဆာန်တွေလည်း တွေ့ရှိရပါတယ်။ ဗန်းမောက်မြို့နယ်အတွင်းမှာတော့ ကြိုးဝိုင်း ကြိုးပြင် ကာကွယ်တောများစွာ ကျန်ရှိနေပါသေးတယ်။