၃ နှစ်ကြာအထိ အမြတ်ငွေမရသဖြင့် YUPT မှ ရှယ်ယာရှင် ၂၀၀ ကျော် ပြန်ထုတ်ရန်ရှိ
DVB
·
November 30, 2019
အများပြည်သူ သယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီ YUPT ကနေ ရှယ်ယာတွေ ပြန်ထုတ်ဖို့ ရှယ်ယာရှင် ၂၀၀ ကျော် ဆန္ဒပြုထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
အများပြည်သူ သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီမှာ ပုဂ္ဂလိက ရှယ်ယာရှင် စုစုပေါင်း ၂၈၉ ယောက်ရှိတဲ့အနက် ရှယ်ယာရှင် ၂၀၀ ကျော်ဟာ ၃ နှစ်လောက်ကြာတဲ့အထိ အမြတ်ငွေ မရကြလို့ ရှယ်ယာတွေ ပြန်ထုတ်ဖို့ နိုဝင်ဘာ ၂၉ ရက်က ကျင်းပတဲ့ YUPT ဒါရိုက်တာ ရွေးကောက်ပွဲမှာ ဆန္ဒပြုခဲ့ကြတာပါ။
YUPT အပေါ် ယုံကြည်မှု မရှိတော့လို့ ရှယ်ယာတွေ ပြန်ထုတ်တာလို့ ပုဂ္ဂလိက ရှယ်ယာရှင် ဦးထိန်ဝင်းက ဆိုပါတယ်။
“သယ်ယူပို့ဆောင်ရေးလုပ်ငန်းရဲ့ သဘာဝက ကားတစီး ပျက်ရင် တစီး ချက်ချင်းပြင်၊ လမ်းပေါ်တင်၊ ခရီးသည်တင်ဆွဲ၊ သူလည်း ပိုက်ဆံရ၊ ခရီးသည်လည်း လိုရာခရီးရောက်၊ အဲဒီလို လုပ်တတ်တဲ့သူမျိုးမှ ဒီလုပ်ငန်းမျိုးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ မူလတုန်းက အဲဒီလို မဟုတ်ပါဘူး။ ဒီနေ့ ဒီလောက်ရှုံးရင် နောက် ဘယ်လောက်ကြာရင် ဘယ်လောက် ရှုံးမလဲဆိုတာ တွက်လို့ရပါတယ်။ ဒါကြောင့် ယုံကြည်မှုမရှိတဲ့အတွက် ပြန်လည်ထုတ်ယူခြင်း ဖြစ်ပါတယ်။”
ရှယ်ယာတွေ ပြန်ထုတ်ဖို့ ဆန္ဒပြုတာကို နိုဝင်ဘာ ၂၉ ရက်ကစလို့ ၃ ရက် ခွင့်ပြုပေးထားတာဖြစ်ပြီး တရက်အတွင်းမှာကို လူ ၂၀၀ ကျော်က ရှယ်ယာတွေပြန်ထုတ်ဖို့ ဆန္ဒပြုခဲ့ကြတာပါ။
ရှယ်ယာတွေကို အကုန်ပြန်ထုတ်ချင်တဲ့သူတွေ ရှိသလို တချို့က တဝက်လောက်သာ ပြန်ထုတ်ကြဖို့ ဆန္ဒပြုကြတာတွေ ရှိပါတယ်။
ရှယ်ယာထုတ်မယ့်သူတွေရဲ့ စာရင်းကို ၂၀၁၇ ကုမ္ပဏီရဲ့ ဥပဒေအတိုင်း ပြန်ဝယ်တာတွေ ဆောင်ရွက်သွားဖို့ ရှိတယ်လို့ YUPT ရဲ့ အထွေထွေမန်နေဂျာ ဦးမောင်မောင်လွင်က ဆိုပါတယ်။
“လူတိုင်းလည်း ရောင်းမှာ မဟုတ်ပါဘူး။ ကိုယ်ရောင်းချင်တဲ့သူ ရောင်းမှာပေါ့။ မရောင်းတဲ့သူလည်း အများကြီး ရှိပါတယ်။ ဒီကုမ္ပဏီက Public သွားတဲ့အခါမှာ ဝင်ငွေက ရရှိဝင်ငွေနဲ့ လက်ရှိ လုပ်ရတဲ့အခြေအနေမှာ ကာလတခုပြီးသွားရင် ဆုံးဖြတ်ချက် ထွက်လာမှာပါ။ လောလောဆယ်မှာတော့ ကုမ္ပဏီအနေနဲ့ ရှယ်ယာတွေနဲ့ပဲ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်အရ ကျနော်တို့က ၂၀၁၇ ဥပဒေအရ ပြန်ဝယ်ဖို့ကိစ္စတွေ အားလုံးကို တင်ပြတဲ့အပေါ် မူတည်ပြီးတော့ ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။”
YUPT ကုမ္ပဏီရဲ့ ရှယ်ယာပါဝင်မှုဟာ အစိုးရက ၈၆ ရာခိုင်နှုန်း ပါဝင်ပြီး ပုဂ္ဂလိကက ၁၄ ရာခိုင်နှုန်း ပါဝင်တာဖြစ်လို့ အခုရှယ်ယာတွေ ပြန်ထုတ်ဖို့ ဆန္ဒပြုကြတဲ့ကိစ္စကိုလည်း ဆွေးနွေးတာတွေ လုပ်နေပြီလို့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။
“ဒီကုမ္ပဏီနဲ့ပတ်သက်ရင် အစိုးရမှာလည်း တာဝန်ရှိတယ်လို့ ယူဆပါတယ်။ ၈၆ ရာခိုင်နှုန်းက အစိုးရ ပါဝင်တာ ဖြစ်တဲ့အတွက်ပေါ့။ ဆွေးနွေးနေပြီ။ မကြေညာသေးဘူး ဆိုတာက ဒါကို အမြန်ဆုံး ဖြေရှင်းမှာ ဖြစ်ပါတယ်။ တခုက ရှယ်ယာပိုင်ဘက်ပေါ့။ သူတို့ရဲ့ ရှယ်ယာကို ပြန်ပြီးဝယ်ပေးဖို့ရယ်၊ ဝယ်ပေးတဲ့အခါမှာလည်း သင့်တင့်တဲ့ တောင်းဆိုမှု ရှိတယ်။ ဒုတိယကတော့ ရွေးကောက်ပွဲမှာလည်း သူတို့ပြောတဲ့အတိုင်းပဲ လုပ်ပေးပြီးသား ဖြစ်ပါတယ်။”
လက်ရှိမှာတော့ YUPT ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဘီလီယံ ၄၀ ကျော် ရှိပြီး ကားအစီးရေ ၉၄၀ ရှိနေပါပြီ။
၃ နှစ်အတွင်း မရခဲ့တဲ့ အမြတ်ငွေတွေကိုလည်း လာမယ့်ဒီဇင်ဘာလအတွင်း အပြီးသတ် တောင်းဆိုနိုင်ဖို့ကိုလည်း လုပ်ဆောင်သွားမယ်လို့ ရှယ်ယာရှင်တွေက ပြောဆိုထားပါတယ်။
သင်းသင်းဇော်