A d v e r t i s e m e n t With Us

မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးသွားဖွယ်ရှိတယ်လို့ ပြောဆိုလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ထပ်တိုးဖွယ်ရှိတယ်လို့ နည်းပြ ဂွါဒီယိုလာက ဖွင့်ဟပြောဆိုခဲ့ပါတယ်။ လက်ရှိစာချုပ်အရ ပက်ဟာ မန်ချက်စတာကလပ်နဲ့ လာမယ့် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာ ဖြစ်ပြီးတော့ သက်တမ်းမကုန်ခင် ဒီကလပ်အတွက် ထပ်မံစာချုပ်ဖြစ်သွားနိုင်တယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုခဲ့ပါတယ်။ စာချုပ်အသစ်ကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တဦးရဲ့ မေးမြန်းမှုကို ဂွါဒီယိုလာက “ကျနော့်ဘက်ကတော့ လမ်းဖွင့်ထားပါတယ်။ ဒီကလပ်မှာ ကျနော့်အတွက် အရာရာဟာ သက်သောင့်သက်သာပါပဲ” လို့ ပြောခဲ့ပါတယ်။ “ဒီဟာက အသင်းရလဒ်နဲ့ သက်ဆိုင်နေပါတယ်။ ခင်ဗျား အသင်းတသင်းမှာ ငါးနှစ်အထိ ရှိခဲ့တယ်ဆိုတာ ရလဒ်တွေနဲ့ ဆိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဒီရာသီနဲ့ နောက်ရာသီမှာ ဘယ်လိုရလဒ်တွေရှိမလဲ ဆက်ကြည့်ရအောင်ပါ” လို့လည်း သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။ အသက် ၄၈ နှစ်သာ ရှိသေးပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုများစွာ ရရှိထားတဲ့ ဂွါဒီယိုလာဟာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ် စတဲ့ ဥရောပ အင်အားကြီးကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့သူဖြစ်ပြီးတော့ မန်စီးတီးအသင်းမှာလည်း စံချိန်ကောင်းတွေ တခုပြီး တခု ရရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ စံချိန်တင်ရမှတ် ၁၀၀ နဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ပြည်တွင်းဖလားတွေကိုလည်း သိမ်းယူနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာက မန်စီးတီးအသင်းနဲ့ သက်တမ်းတိုးဖို့ ဆန္ဒရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုထားပေမယ့် အသင်းဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ တစုံတရာ ပြောဆိုထားခြင်း မရှိသေးပါဘူး။  “ကျနော့်ဘက်က သက်တမ်းတိုးလိုနေပေမယ့် ဒီကိစ္စက လွယ်ကူတာတော့ မဟုတ်ပါဘူး။ ကျနော့်အနေနဲ့ ကစားသမားတွေရဲ့ အခြေအနေ၊ အသင်းရဲ့ အခြေအနေတွေကို ပြန်ကြည့်ချင်ပါသေးတယ်။ ငါးနှစ်လောက် အတူတူ အလုပ်လုပ်ခဲ့ပြီးတဲ့နောက်မှာ ဒါဟာ အရေးကြီးတဲ့ အရာပါ။ ခင်ဗျားအနေနဲ့ အတူတကွ အလုပ်လုပ်ရတာ အဆင်ပြေတယ်။ လုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ရှိနေဖို့ လိုအပ်ပါတယ်” လို့လည်း စပိန်သား နည်းပြက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up