YUPT ကုမ္ပဏီက ဒါရိုက်တာ ၅ ဦးကို မဲပေးရွေးချယ်
DVB
·
November 29, 2019
ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော YUPT ကုမ္ပဏီရဲ့ ဒါရိုက်တာ ၅ ဦးကို နိုဝင်ဘာ ၂၉ ရက်နေ့က ဒုတိယအကြိမ်မြောက်အဖြစ် ရွေးချယ်လိုက်ပါတယ်။
အခုရွေးချယ်လိုက်တဲ့ ပုဂ္ဂလိက ဒါရိုက်တာ ၅ ယောက်ထဲမှာ အသစ်ပါဝင်လာတာကတော့ ဦးမင်းညွန့်တဦးသာရှိပြီး ကျန်တဲ့ ဒါရိုက်တာ ၄ ယောက်ကတော့ အရင်ဒါရိုက်တာ အဖွဲ့ဝင်အဟောင်းတွေပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီက ရှယ်ယာရှင်တွေရဲ ဆန္ဒအညီ ရွေးချယ်ပေးထားတဲ့ ဒါရိုက်တာ ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲ ပြုလုပ်ရွေးချယ်ခဲ့တာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က လုပ်ခဲ့တဲ့ YUPT ရှယ်ယာရှင်တွေရဲ့ ဒါရိုက်တာ ရွေးကောက်ပွဲကတော့ ရှယ်ယာရှင်တွေ သဘောဆန္ဒနဲ့ မကိုက်ညီလို့ မအောင်မမြင် ဖြစ်ခဲ့ပါတယ်။
YUPT ကုမ္ပဏီကို အစိုးရက ၈၆ ရာခိုင်နှုန်းနဲ့ ပုဂ္ဂလိကဘက်က ၁၄ ရာခိုင်နှုန်း ထည့်ဝင် ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါရိုက်တာခန့်အပ်ပေးရာမှာလည်း အစိုးရဘက်က ၄ ယောက် ပုဂ္ဂလိက ဘက်က ၅ ယောက် ခန့်အပ်ပေးရတာဖြစ်ပါတယ်။
အခု ဒါရိုက်တာရွေးကောက်ပွဲမှာ အစိုးရဘက်က ဝင်ရောက်မဲပေးတာမျိုး မလုပ်ခဲ့ဘူးလို့ YRTA ဘက်က တာဝန်ရှိသူက ပြောပါတယ်။