အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဆွေမျိုးများကို ရုံးထုတ်စစ်ဆေး
အာကာ
·
November 29, 2019
ရက္ခိုင့်တပ်တော်( အေအေ) အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမနဲ့ယောက်ဖတို့ အမှုကို ရက်ပေါင်း ၂၇၀ အတွင်း အပြီးသတ်ဆောင်ရွက်ရမယ့် ရှုပ်ထွေးသောအမှုလို့ တရားရုံးက သတ်မှတ်လိုက်ပါတယ်။
ဒီအမှုမှာ တရားစွဲဆိုခံထားတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ညီမ မယမင်းမြတ်(ခ)မိုးနှင်းဖြူနဲ့ သူမရဲ့ ခင်ပွန်းကိုကျော်နိုင်တို့ကို နိုဝင်ဘာ၂၉ ရက်က မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ ပါတယ်။
ရုံးချိန်းမှာ အမှုနဲ့ပတ်သတ်လို့ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ အကြိုညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ မရမ်းကုန်းမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးမိုးဆွေက ပြောပါတယ်။
အေအေအဖွဲ့ခေါင်းဆောင်ရဲ့ ညီမမမိုးနှင်းဖြူနဲ့ ယောက်ဖ ကိုကျော်နိုင်တို့ကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ (ခ)၊ (ဂ) တို့နဲ့ အမှုဖွင့် စစ်ဆေးခဲ့ပြီး တရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၂(က)နဲ့ လက်ခံစစ်ဆေးဖို့ နိုဝင်ဘာ ၁၅ ရက်က ဆုံးဖြတ်လိုက်ပါတယ်။
ဒီပုဒ်မဟာပြစ်မှုထင်ရှားရင်တော့ အနည်းဆုံးထောင်ဒဏ် ၃ နှစ်ကနေ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။