အိုင်စီဂျေတရားရုံးတွင် ပကတိအရှိတရားကို ကမ္ဘာက သိရှိနားလည်ရန် ကြိုးပမ်းမည်
DVB
·
November 28, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ အမှုရင်ဆိုင်ရာမှာ နိုင်ငံတော်အစိုးရအနေနဲ့ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း အလျဉ်းမပြုလုပ်ဘဲ ပကတိအရှိတရားကို ကမ္ဘာက သိရှိနားလည်စေဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၇ ရက်က ကြေညာလိုက်ပါတယ်။
အိုင်စီဂျေမှာ တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ကာ စနစ်တကျပြင်ဆင်ဆောင်ရွက်နေမှုအပေါ် နိုင်ငံတဝန်းရှိ လူထုလူတန်းစား အသီးသီးက ထောက်ခံမှုများပြသနေတာကို တွေ့မြင်ရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတဲ့ကြောင်း၊ ဒီကိစ္စဟာ နိုင်ငံ့အရေးကိစ္စ၊ နိုင်ငံ့အကျိုးစီးပွားကိစ္စဖြစ်လို့ “အရေးကြီးပြီသွေးစည်းကြစို့” ဆိုတဲ့ အတိုင်း ပြည်သူလူထုတရပ်လုံးရဲ့ စည်းလုံးညီညွတ်မှုဟာ နိုင်ငံတော်အတွက် ကြီးမားလှတဲ့ အင်အားကို ဖြစ်ထွန်းစေမယ်လို့လည်း ဆိုပါတယ်။
လူမျိုးပြုန်းတီးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန်နိုင်ငံပေါင်းစုံသဘောတူစာချုပ်ကို အတည်ပြုပါဝင် လက်မှတ်ရေးထိုးခဲ့စဉ်ကတည်းက ရပ်တည်ချက်အတိုင်း ယနေ့ကာလအထိ မြန်မာနိုင်ငံအနေနဲ့ လိုက်နာဆောင်ရွက်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ တရားစွဲဆိုထားတာ ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ တရားရုံးမှာ ကြားနာရမှာ ဖြစ်ပါတယ်။