ကရင်နီလူငယ်များပြစ်ဒဏ်နည်းနေသဖြင့် တရားလိုဘက်က ပြင်ဆင်ချက်တင်
နော်နိုရင်း
·
November 28, 2019
ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၆ လချမှတ်ခံထားရတဲ့ ကရင်နီလူငယ် ၆ ဦးအမှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်မှုအပေါ် ကျေနပ်မှုမရှိတဲ့အတွက် ပြည်နယ်အစိုးရကိုယ်စား တရားလို ဦးသက်နောင်က လွိုင်ကော်ခရိုင်တရားရုံးမှာ အမှုပြင်ဆင်ချက်တက်ထားပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့ ရက်စွဲနဲ့ ပြင်ဆင်ချက်လျှောက်လွှာ တင်ထားတာဖြစ်ပြီး အဆိုပါ ပြင်ဆင်ရန်အတွက် လျှောက်လွှာကို လာမယ် ဒီဇင်ဘာလ ၆ ရက်နေ့ ကြားနာဖို့ ရုံးပြန်ချိန်းဆို ထားပါတယ်။
အဆိုပါ ပြင်ဆင်ချက်လျှောက်လွှာမှာ ကရင်နီလူငယ်တွေဖြစ်တဲ့ ခူးကြူးဖဲကေး (ခ)ဂူးဂူး ခူးရီးဒူ၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ကိုစစ်မုန်း(ခ) ဒီးဒီတို့ဟာ ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ ကယားပြည်နယ် စီမံဘဏ္ဍာဝန်ကြီးတို့ရဲ့အမည်တွေကို ဖော်ပြထားတဲ့အပြင် နိုင်ငံရေး ရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးရဲ့ ရန်သူများ၊ ကျေးဇူကန်းသူများစသဖြင့် သုံးနှုန်ဖော်ပြထားခြင်းဟာ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ စီမံဘဏ္ဍာဝန်ကြီးဦးမော်မော်တို့ရဲ့ ပုဂ္ဂိုလ်ဆိုင်ရာဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင် သူတို့ ကိုယ်စားပြုထားတဲ့ကယားပြည်နယ်အစိုးရအဖွဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတယ်လို့ ဖော်ပြပါတယ်။
ဒီအပေါ် မြို့နယ်တရားရုံးက နိုင်လွတ်လုံ ပုဒ်မ ၁၀ အရ အလုပ်နဲ့ထောင်ဒဏ် ၆ လ စီရင်တာဟာ ကျူးလွန်တဲ့ပစ်မှုနဲ့စာရင် ပြစ်ဒဏ်နည်းလွန်းနေတယ်လို့ ယူဆတဲ့အတွက် ပြစ်ဒဏ်တိုးမြှင့်ချမှတ်ဖို့ တင်ထားတာဖြစ်ပါတယ်။
ဒီပြင်ဆင်ချက်တင်ထားတဲ့အပေါ် ပြန်လွတ်လာပြီဖြစ်တဲ့ ကရင်နီလူငယ် ခူးကြူးဖဲကေးက “ဒီဥပဒေနဲ့ ကျနော်တို့ကို အခုလို ထပ်ပြီးထောင်သွင်းအကျဉ်းချဖို့ လုပ်နေတဲ့ကိစ္စကိုရှုတ်ချတယ်။ ဒုတိယတချက် ကတော့ ဦးအယ်လ်ဖောင်းရှိုး အနေနဲ့ အခုလို ထပ်ပြီး ပြင်ဆင်ချက်တက်ပြီးတော့ ကျနော်တို့ကို ရွေးကောက်ပွဲမတိုင်ခင်အထိချုပ်ဖို့ ကြံစည်တာက ဒါနိုင်ငံရေးအရ အင်မတန်မှ အောက်တန်းကျတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အညိုးထားမှုတွေနဲ့ လုပ်နေတယ်လို့တောင် ပြောလို့ရမယ့် အနေအထားရှိပါတယ်။ ”
နိုင်လွတ်လုံပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ကရင်နီလူငယ် ၆ ဦးထဲက ခူးကြူးဖဲကေး (ခ) ဂူးဂူးကတော့ လွတ်ရက်စေ့လို့ နိုဝင်ဘာ ၂၅ ရက်နေ့က ပြန်လွတ်လာတာဖြစ်ပါတယ်။ ကျန်သူ ၅ ဦးကတော့ လာမယ်ဒီဇင်ဘာ ၁၃ ရက်နေ့မှ လွတ်ရက်စေ့မှာဖြစ်ပါတယ်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ(၁၀)နဲ့ တရားစွဲခံရတဲ့ ကရင်နီလူငယ် ၆ ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက နိုဝင်ဘာ ၇ ရက်မှာ အလုပ်နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာပါ။