ကမ်းထောင်းကြီးမြို့ရှိ စစ်ဘေးရှောင် ၆၀၀ ကျော် စားဝတ်နေရေး ခက်ခဲနေ
DVB
·
November 28, 2019
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေဖြစ်ပွား ပြီးနောက် ကမ်းထောင်းကြီးမြို့မှာ ဖွင့်ထားတဲ့ စစ်ဘေးရှောင်စခန်းက ဒေသခံပြည်သူ ၆၀၀ ကျော် ဟာ လက်ရှိစားဝတ်နေရေး အခက်အခဲတွေရှိနေတယ်လို့ ကမ်းထောင်းကြီးမြို့ ရက္ခဝံသ ဖောင်ဒေးရှင်း တာဝန်ခံက ဦးသန်းဝင်းက ပြောပါတယ်။
“ကမ်းထောင်းမြို့ပေါ်မှာ အလှူခံပြီးတော့ တတ်နိုင်သလောက်တော့ ချက်ကျွေးနေတယ်။ ဒါပေမဲ့ စစ်ဘေးရှောင်တွေ များတော့ အခက်အခဲတွေက အများကြီးပဲ၊ ရာသီဥတုကလည်း အရမ်းအေးလာတော့ စောင်တွေ၊ ခြင်ထောင်တွေကလည်း မလောက်ဘူး။ စား နပ်ရိက္ခာတွေဆိုရင်လည်း ဆန်တွေ၊ ဆီတွေကအစ၊ ငါးခြောက်ငါးခြမ်းတွေလည်း အများကြီး လို အပ်နေတယ်”လို့ ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းမှာ လူဦးရေများလာနေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေ ပါဝင်နေတာကြောင့် ကျန်းမာရေးစောင့် ရှောက်ပေးဖို့လိုအပ်နေပြီး လက်ရှိ သွေးအန်လူနာတဦး၊ ဗိုက်နာနေတဲ့ ကလေး တဦးရှိနေကာ မီးဖွားမယ့် အမျိုးသမီး နှစ်ဦးကိုတော့ ကမ်းထောင်းကြီးမြို့ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း ဦးသန်းဝင်းက ပြောပါတယ်။
မြေပုံမြို့နယ်မှာ တပ်မတော်နဲ့အေအေတို့ ပြင်းထန်လာနေပြီး တပ်မတော်က ရဟတ်ယာဉ် ၂ စီးနဲ့ ဟင်းခရော်ကျေးရွာနဲ့ အင်ကြင်းကျေးရွာကြားကို နိုဝင်ဘာ ၁၉ ရက်က တကြိမ်နဲ့ နိုဝင်ဘာ ၂၂ ရက်က တောင်ပေါက်ကျေးရွာနဲ့ညောင်ကန်ရွာကြားကို တကြိမ် ဗုံးချခဲ့တာကြောင့် အနီးအနားရှိ ကျေးရွာတွေကဒေသခံပြည်သူတွေကြောက်လန့်ကာ ကမ်းထောင်းကြီးမြို့ကို ထွက် ပြေးလာကြတာဖြစ်ပါတယ်။
လက်ရှိ စစ်ဘေးရှောင်လူဦးရေ ၆၁၀ ဦးအထိ ရှိလာနေသလို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့လည်း ကူညီဆောင်ရွက်ပေးတာတွေ မရှိတဲ့အတွက် စစ်ဘေးရှောင်တွေအတွက် အခက် အခဲတွေရှိနေတယ်လို့လည်း ရက္ခဝံသဖောင်ဒေးရှင်းက သိရပါတယ်။
သတင်း- နောင်နောင်