Homeမြန်မာသတင်းချောက်မြို့တွင် မူးယစ်ဆေးသုံးစွဲရောင်းချသူ ၅ ဦးကို ဖမ်းဆီး
ချောက်မြို့တွင် မူးယစ်ဆေးသုံးစွဲရောင်းချသူ ၅ ဦးကို ဖမ်းဆီး
မကွေးတိုင်း၊ ချောက်မြို့မှာ စိတ်ကြွမူးယစ်ဆေးပြား သုံးစွဲရောင်းချသူ အမျိုးသား ၅ ဦးကို စိတ်ကြွမူးယစ်ဆေး ၄၃၄ ပြားနဲ့အတူ ဖမ်းဆီးရမိ အမှုဖွင့် အရေးယူထားတယ်လို့ ချောက်မြို့မရဲတပ်ဖွဲ့ထံက သိရပါတယ်။
နိုဝင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းက သတင်းအရ ချောက်မြို့အမှတ် ၁၅၊ တိုးချဲ့ရပ်ကွက် လမ်းဘေးမှာ တရုတ်ကြီး(ခ)သူရိန်ဦးနဲ့ အာနိုး(ခ)ဖြိုးဝေထွန်းတို့ စီးလာတဲ့ ဆိုင်ကယ် နှစ်စီးကို ရပ်တန့်စစ်ဆေးစဉ် အာနိုး (ခ) ဖြိုးဝေထွန်းက ဆိုင်ကယ်ထားပြီး ထွက်ပြေး လွတ်မြောက်ခဲ့ကာ တရုတ်ကြီး(ခ) သူရိန်ဦးထံမှ ပန်းရောင်စိတ်ကြွမူးယစ်ဆေးပြား ၁၇၀ ပြား ၊ ကာလတန်ဖိုးငွေ ကျပ် ၅ သိန်းဖိုး တွေ့ရှိခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
ဆက်လက်ပြီးသတင်းအရ နိုဝင်ဘာ ၂၆ ရက်မွန်းလွဲပိုင်းမှာ အမှတ် ၅၊ ရေနံမီးသတ်ရပ်ကွက်နေ မြတ်ထိုက်ရဲ့နေအိမ်ကို ရဲတပ်ဖွဲ့က ဆက်လက် သွားရောက် ရှာဖွေခဲ့ပါတယ်၊
ဧည့်ခန်းမှာ မြတ်ထိုက် (၂၇ နှစ်)နဲ့ ထူးဝေယံ(၂၃ နှစ်)တို့ကို စစ်ဆေးရာ မြတ်ထိုက် ဝတ်ဆင်ထားတဲ့ ပုဆိုးခါးပုံစအတွင်းက စိတ်ကြွဆေး ၇၂ ပြား၊ နေအိမ်အိပ်ခန်းအတွင်း ဆက်ရှာဖွေရာမှာ မျိုးသီဟနိုင် (၂၁ နှစ်)ကို ထပ်မံတွေ့ရှိပြီး စိတ်ကြွဆေးပြား ၁၉၂ ပြားနဲ့ မူးယစ်ဆေးဝါး အသုံးပြုရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့ရှိပြီး စုစုပေါင်း ပန်းရောင် စိတ်ကြွမူးယစ်ဆေးပြား ၂၆၄ ပြား၊ ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်း ၃ လုံး၊ ငွေ ၉၅၀၀၀ ကျပ်တို့ကို ဖမ်းဆီးသိမ်းဆည်းခဲ့ပါတယ်။
စိတ်ကြွဆေးပြားတွေကို ရောင်းဝယ်ဖို့ လက်ဝယ်ထားရှိတဲ့ သယ်ဆောင်လာသူနဲ့ မူးယစ်ဆေး ဖြန့်ဖြူးရောင်းချ သုံးစွဲသူတွေဖြစ်တဲ့ သူရိန်ဦး (ခ)တရုတ်ကြီး ၊အာနိုး (ခ) ဖြိုးဝေထွန်း တို့ကို မူး/စိတ် ပုဒ်မ ၁၉ (က)/ ၂၁၊ မြတ်ထိုက်၊ မျိုးသီဟနိုင်နဲ့ ထူးဝေယံ တို့ကို မူး/စိတ် ပုဒ်မ ၁၉ (က)/ ၂၁ တို့နဲ့ ချောက်မြို့မရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေပါတယ်။
သတင်း - ကိုလင်း(ချောက်)၊ ဓာတ်ပုံ - ရဲတပ်ဖွဲ့