A d v e r t i s e m e n t With Us

ကမ္ဘာ့ကြီးအပူချိန် ၃ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်နိုင်ဟု ကုလသမဂ္ဂထုတ်ပြန်

Reuters
ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ မနှစ်ကစံချိန်တင်မြင့်တက်ခဲ့ပြီး ဘာမှအရေးယူ ဆောင်ရွက်တာမရှိခဲ့ရင်         ကမ္ဘာ့အပူချိန်ဟာ တကမ္ဘာလုံး သဘောတူထားတဲ့ ပူနွေးမှု ဒီဂရီရဲ့  နှစ်ဆထိ မြင့်တက်သွားနိုင်တယ်လို့ ကုလသမဂ္ဂက နိုဝင်ဘာ ၂၆ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ "Emissions Gap Report" အစီရင်ခံစာဟာ လာမယ့်သီတင်းပတ် စပိန်မြို့တော် မဒရစ်မှာ   ကျင်းပမယ့်ကုလသမဂ္ဂရာသီဥတုဆွေးနွေးပွဲတွေမတိုင်ခင် ထုတ်ပြန်တဲ့ လေ့လာချက်တွေထဲက တစောင်လည်း ဖြစ်ပါတယ်။ ၂၀၁၅ ပါရီသဘောတူညီချက်ထဲမှာ စက်မှုခေတ်ပြောင်းတော်လှန်ရေး မတိုင်ခင်ကထက်  ကမ္ဘာ့အပူချိန်တိုးမှုကို ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထိပဲ တိုးအောင် ထိန်းထားဖို့၊ လေထုထဲ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို လျှော့ချနိုင်ရေး ဆောင်ရွက်ချက်တွေ ပါပါတယ်။ ပါရီသဘောတူညီချက်အရ နိုင်ငံတွေဟာ ၂၀၂၀ ကနေ ၂၀၃၀ အကြားမှာ တနှစ်ကို သဘာဝ ပတ်ဝန်းကျင်ထဲ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကို  ၇ ဒသမ ၆ ရာခိုင်နှုန်း လျှော့ချ ဖြတ်တောက်ဖို့ လိုအပ်ပါတယ်။  တကယ်လို့ ပန်းတိုင်ကို မဆောင်ကြဉ်းနိုင်ခဲ့ရင် သန္တာကျောက်တန်းအားလုံးနဲ့အာ တိတ်ပင်လယ်ပြင် ရေခဲအားလုံးနီးပါးကို ဆုံးရှုံးလိမ့်မယ်လို့ မနှစ်က ကျင်းပတဲ့ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစည်းအဝေးက သတိပေးခဲ့ပါတယ်။ အစီရင်ခံစာ ရေးသားသူ ဂျွန်ခရစ်စတန်ဆန်က “အဘိုးတယောက်အနေနဲ့မြေးတွေအတွက် ဒါကြီးကို ချန်ထားခဲ့ချင်မှာ မဟုတ်ဘူး”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ နိုင်ငံတချို့က ပန်းတိုင်ကို ပြည့်မီအောင် ထိန်းချုပ်နိုင်ပြီဖြစ်ပေမယ့် ရုရှားနဲ့ တူရကီတို့က တော့ ထုတ်လွှတ်မှုတွေကို သိသိသာသာ တင်းကျပ်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။ အမေရိကန်၊ ဘရာဇီးနဲ့ဂျပန်တို့ကတော့ ပန်းတိုင်ကို မပြည့်မီသေးတဲ့နိုင်ငံတွေ အတော်များ များထဲမှာ ပါနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ သစ်တောပြုန်းတီးမှုလိုမျိုး မြေအသုံးပြုမှုပုံစံ အပြောင်းအလဲတွေကြောင့် ၂၀၁၈ခုနှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုက ၅၅ ဒသမ ၃ ဂစ်ဂါတန်ထိ စံချိန်တင် မြင့်တက်ခဲ့ တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up