Home
မြန်မာသတင်း
စပါးဈေးကောင်းရရှိရေး ကျောက်ဖြူဒေသခံတောင်သူများ အစိုးရထံ အကူအညီတောင်း
DVB
·
November 27, 2019
ရာသီဥတုပြောင်းလဲလာမှုကြောင့် စပါးအထွက်နှုန်းကျဆင်းကာ စျေးကောင်းမရတဲ့အတွက် စပါးစိုက်တောင်သူတွေမှာ အခက်အခဲတွေရှိလာတာကြောင့် အစိုးရက ကူညီဆောင်ရွက်ပေးဖို့ လိုတယ်လို့ ကျောက်ဖြူမြို့နယ်က ဒေသခံတောင်သူတွေက ပြောပါတယ်။ လိပ်ခမော်ကျေးရွာအုပ်စု မလကျွန်းကျေးရွာနေ တောင်သူ ကိုနိုင်နိုင်ထွန်းက “ရာသီဥတုကတော့ အခုနောက်ပိုင်းတော့ မိုးရွာတာတော့သိပ်မဆိုးဘူး။ အပူချိန်ကတော့ သိသာသာကြီးကို တိုးတက်လာတယ်။ အပူချိန်များတော့ အပင်တွေရောဂါကျတာ၊ ပိုးကျတာတွေ ပိုများတယ်။ စပါးစိုက်တာကတော့ အခက်အခဲက ဘာလည်းဆိုတော့ မြေဆီလွှာအားနည်းလာပြီး တော့ တစတစနဲ့ စပါးအထွက်နှုန်းကျလာတာပေါ့။ အထွက်နှုန်းကျလာပြီးတော့ လုပ်သားရှားပါးတဲ့ ပြဿနာတွေရှိတယ်။ နောက်ပြီးတော့ စပါးစျေးကွက်က ဘယ်လိုလဲဆိုတော့ အောက်ဆုံးမှာ ပဲရောက်နေတယ်။ စျေးကောင်းတဲ့စျေးကွက်ဝင်တဲ့သီးနှံတွေ ပြောင်းစိုက်နိုင်အောင်ထိ အစိုးရ အနေနဲ့ ကူညီပေးရင်တော့ လယ်ယာကဏ္ဍဖွံ့ဖြိုးလာမယ်”လို့ ပြောပါတယ်။ မလကျွန်းကျေးရွာနေတောင်သူ ဦးမောင်ကျော်သောင်းက “နှစ်ပေါင်း ၃၀ ကျော်လောက်ရှိပြီ၊ အရင်ကနဲ့စာရင်တော့ အခုတော့စပါးအထွက်နှုန်း နည်းနည်းလျော့ဆင်းသွားတယ်။ အရင်တုန်းက ဆိုရင် တဧက တင်း၅၀/၆၀လောက်ရတယ်၊ အခုတင်း ၃၀ လောက်ပဲရတယ်”လို့ ပြောပါတယ်။ မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးအပေါ်မှာ သက်ရောက်မှုတွေ ရှိလာနေတဲ့အတွက် ရာသီဥတုနဲ့လိုက်လျောညီထွေမှုရှိအောင် စိုက်ပျိုးရေးပုံစံ ပြောင်းလဲ စိုက်ပျိုးတာတွေ၊ အချိန်ကိုပြောင်းလဲ စိုက်ပျိုးတာတွေ မျိုးစပါးများပြောင်းလဲစိုက်ပျိုးတာတွေ၊ ရေငံဝင်ရောက်နိုင်တဲ့ဒေသတွေမှာ ရေငံတားတာဘောင်တွေကို မြှင့်တင်ပေးတာတွေ၊ စပါးအဖွင့် စိုက်ပျိုးရေးနည်းစနစ်တွေနဲ့ စိုက်ပျိုးရေးအခန်းကဏ္ဍကို မြှင့်တင်ဖို့လိုအပ်တယ်လို့ စိုက်ပျိုးရေး ပညာရှင် ဦးသိန်းဆုက သုံးသပ်ပြောပါတယ်။ ကျောက်ဖြူမြို့နယ်မှာ ပြောင်းလဲလာတဲ့ရာသီဥတုနဲ့အညီစိုက်ပျိုးနိုင်ဖို့ လုပ်ဆောင်နေသလို စပါးမျိုးကောင်း၊မျိုးသန့်စိုက်ပျိုးနိုင်စေဖို့ မျိုးစပါးစိုက်ခင်းတွေကို ထူထောင်ကာ အသင်းအဖွဲ့ လိုက်စိုက်ပျိုးနိုင်တဲ့ နည်းစနစ်တွေနဲ့စံပြစိုက်ခင်းတွေကိုလည်း လုပ်ဆောင်ပေးနေတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ခင်စိုးက ပြောပါတယ်။ “ကျနော်တို့မြို့နယ်မှာ မျိုးစေ့ထုတ်စိုက်ခင်းတွေ ထူထောင်ထားပါတယ်၊ SGA လို့ခေါ်တဲ့ အသင်းအဖွဲ့ အစုတွေနဲ့ တောင်သူအသင်းအဖွဲ့အစုနဲ့ စိုက်ပျိုးတဲ့ မျိုးစေ့ထုတ်လုပ်ငန်းတွေရယ်၊ ကျနော်တို့ မျိုးသန့်စံပြရွာ အဖြစ် သတ်မှတ်ပြီးရင်မျိုးစေ့ ထုတ်လုပ်ငန်းတွေရယ်  ၂ ပိုင်းခွဲပြီးတော့ စိုက်ပျိုးရေး ထုတ်လုပ်တာတွေ ရှိပါတယ်” ကျောက်ဖြူမြို့နယ်မှာ စပါးစိုက်ဧက ၄၅၈၉၈ ရှိပြီး အရင်ထက်စပါးအထွက်နှုန်းမှာ တဖြည်း ဖြည်းကျဆင်းလာနေကာ စပါးစိုက်တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးမှာ အခက်အခဲတွေ ကြုံတွေ့လာနေရတာကြောင့် သက်ဆိုင်ရာက နည်းပညာအထောက်အကူတွေပံ့ပိုးပေးမှသာ လယ်ယာကဏ္ဍပြန်လည်ဖွံ့ဖြိုးလာမှာဖြစ်တာကြောင့် အစိုးရက ကူညီဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့  တောင်သူတွေပြောပါတယ်။ သတင်း- နောင်နောင် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024