မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုကို အားပေးထောက်ခံရန်တိုက်တွန်း
DVB
·
November 26, 2019
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုကို အားပေးထောက်ခံဖို့နဲ့ အာဆီယံ-ကိုရီးယား ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မြဲစေဖို့အတွက် အားလုံးရဲ့ ကတိကဝတ် ပြုမှုအပေါ် ကျေးဇူးတင်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။
ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့မှာ ကျင်းပတဲ့ အာဆီယံ-ကိုရီးယားစီးပွားရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ်တွေရဲ့ ထိပ်သီးအစည်းအဝေး မိန့်ခွန်းမှာ ပြောကြားလိုက်တာပါ။
ကိုရီးယားသမ္မတနိုင်ငံရဲ့ တောင်ပိုင်းဒေသ မူဝါဒသစ်နဲ့ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတို့မှာ တူညီတဲ့ အချက်များစွာရှိတာကို တွေ့မြင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်၊ မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်တွေ အောင်မြင်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံရဲ့ ကူညီအားပေးမှုကို အမြဲကြိုဆိုတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ နှစ်စဉ်စီးပွားရေး တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း အကြားမှာရှိပြီး၊ အာဆီယံရဲ့ စီးပွားတိုးတက်မှု အလျင်မြန်ဆုံးနိုင်ငံတွေမှာ ပါဝင်သလို မိမိတို့နိုင်ငံဟာအ ကြီးမားဆုံးသော ဒေသတွင်းစီးပွားရေး အုပ်စု ၂ စု ဖြစ်တဲ့ မဟာ မဲခေါင်ဒေသခွဲနဲ့ တောင်အာရှဒေသခွဲအုပ်စုတို့ကို ချိတ်ဆက်ထားတဲ့ မဟာဗျူဟာမြောက် နေရာမှာ တည်ရှိတယ်၊ သဘာဝဓါတ်ငွေ့ ၁၇ ထရီလီယံ ကုဗမီတာ၊ ရေနံစိမ်းစည်ပေါင်း ၃.၂ ဘီလီယံ၊ ရှားပါးတဲ့ သယံဇာတ၊ ဓါတ်သတ္တုတွေနဲ့ တွင်းထွက်ရတနာများ စတဲ့ သဘာဝ သယံဇာတတွေ စိုက်ပျိုးရေးနဲ့မွေးမြူရေး ထွက်ကုန်တွေရှိတာကြောင့် မြန်မာနိုင်ငံဟာ အရင်းအမြစ် ကြွယ်ဝတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်တယ်လို့ လည်း ပြောပါတယ်။
ဒလမြို့ကို ဆက်သွယ်တဲ့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားနဲ့ မကြာသေးမီက ဖွင့်လှစ်ခဲ့တဲ့ ကိုရီးယား-မြန်မာ စက်မှုဇုံအပါအဝင် မဟာဗျူဟာကျတဲ့အခြေခံ အဆောက် အအုံ တည်ဆောက်ရေး လုပ်ငန်းသစ်တွေကြောင့် ဆောက်လုပ်ရေးကဏ္ဍ တိုးတက်လာခြင်းက စက်မှုကဏ္ဍတိုးတက်မှုကို ကူညီဖေးမပေးနေတယ်လို့လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားပါတယ်။
ဓာတ်ပုံ- State Counsellor