Homeမြန်မာသတင်း
နိုင်ငံအကျိုးစီးပွားအတွက် နိုင်ငံသားအားလုံး တသားတည်း ရပ်တည်ထောက်ခံရန် အန်အယ်ဒီတိုက်တွန်း
နိုင်ငံအကျိုးစီးပွားအတွက် နိုင်ငံသားအားလုံး တသားတည်း ရပ်တည်ထောက်ခံရန် အန်အယ်ဒီတိုက်တွန်း
အာကာ
·
November 26, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် ဖြေရှင်းမယ့်အပေါ်ထောက်ခံပွဲတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပူးပေါင်းထောက်ခံသွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဂမ်ဘီယာနို်ငငံက မြန်မာနို်ငငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲထားတဲ့ အမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းမယ့်အပေါ် လူထုထောက်ခံပွဲတွေကျင်းပနေတာနဲ့ ပတ်သက်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောဆိုတာပါ။
လူထုထောက်ခံပွဲတွေကို အန်အယ်လ်ဒီပါတီက မူအနေနဲ့ ပူးပေါင်းတာ၊ ထောက်ခံတာ၊ ကူညီတာတွေ လုပ်သွားမှာဖြစ်ပြီး အမုန်းတရားပြောဆိုလှုံ့ဆော်ရင်တော့ ပူးပေါင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
နိုင်ငံအကျိုးစီးပွားကို ကာကွယ်ဖို့ နိုင်ငံခေါင်းဆောင်ရဲ့ တာဝန်ယူဆောင်ရွက်မှုကို နိုင်ငံသား အားလုံးက အတူရပ်တည်ထောက်ခံမယ်လို့ ယုံကြည်တဲ့အကြောင်းနဲ့ နိုင်ငံတခုလုံးရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တာကြောင့် နိုင်ငံသားအားလုံး တသားတည်း ရပ်တည်ထောက်ခံကြရမယ့် အချိန်ဖြစ်တယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာ ၂၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးအပေါ် ထောက်ခံပွဲတွေကို အခုရက်ပိုင်း အတွင်း ရန်ကုန်နဲ့မုံရွာမြို့တို့မှာ ပြုလုပ်ခဲ့ပြီး မန္တလေးမြို့မှာလည်း ကျင်းပဖို့ ရှိနေတာပါ။
ဒါပေမယ့် ဒီထောက်ခံပွဲတွေဟာ တရားစွဲခံရတဲ့ ကိစ္စအပေါ် ထောက်ခံတဲ့ သဘော မသက်ရောက်ဖို့သတိပြုဖို့တော့လိုအပ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက အကြံပြုပါတယ်။
မြန်မာနိုင်ငံဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကာကွယ်ခြင်းနှင့် အပြစ်ပေးအရေးယူခြင်းဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး အစ္စလာမ်မစ်နိုင်ငံများပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စား ဂမ်ဘီယာနိုင်ငံက နိုဝင်ဘာ ၁၁ ရက်က အိုင်စီဂျေတရားရုံးမှာ တရားစွဲဆိုလိုက်တာပါ။
အလားတူ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (အိုင်စီစီ) ကလည်း မြန်မာနိုင်ငံကို အရေးယူဖို့ ကြိုးပမ်းနေပေမယ့် မြန်မာနိုင်ငံက အိုင်စီစီစာချုပ်မှာလက်မှတ်မထိုးထားတဲ့ အတွက် အကျုံးမဝင်ဘူးလို့ ငြင်းဆန်ထားပြီး လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက် တွေကိုလည်း အစဉ်တစိုက်ပယ်ချထားပါတယ်။