ညှဉ်းပန်းနှိပ်စက် အလုပ်ခိုင်းစေခဲ့သည့် ကျားဖောင်ပိုင်ရှင်ကို တရားစွဲမည်
စိုးမိုးအောင်
·
November 26, 2019
တက္ကသိုလ်ကျောင်းသား တဦးကို ပင်လယ်ကျားဖောင်မှာ လူကုန်ကူးပြီး အကြမ်းဖက် အလုပ်ခိုင်းစေခဲ့တဲ့ပိုင်ရှင်ကို တရားမမှုနဲ့တရားစွဲဆိုဖို့ ဥပဒေကျွမ်းကျင်သူတွေနဲ့တိုင်ပင်နေတယ်လို့ ကာယကံရှင် မိသားစုဝင်တွေက ပြောပါတယ်။
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ နေထိုင်တဲ့ ဒဂုံတက္ကသိုလ် သမိုင်းနောက်ဆုံးနှစ် ကျောင်းသား ကိုမြတ်သူရထွန်းဟာ အောက်တိုဘာ ၂ ရက်ကစပြီး လူပွဲစားတွေကတဆင့် ပင်လယ် ကျားဖောင်တွေမှာ ရောင်းစားခံခဲ့ရပါတယ်။
ဖျာပုံမြို့နယ် ခါးပြတ်ကျေးရွာက ပင်လယ်ကျားဖောင်မှာ ကိုမြတ်သူရထွန်းကို ညှဉ်းပန်း နှိပ်စက်ပြီး အလုပ်ခိုင်းစေခဲ့တာကြောင့် ရဲတပ်ဖွဲ့ကနေ သံသယတရားခံအဖြစ် လူ ၇ ဦးကို သတ်မှတ်ထားတာပါ။
သူကို လူပွဲစားတွေက ရောင်းစားခဲ့ပြီး ကျားဖောင်တွေမှာအကြမ်းဖက်ခိုင်းစေခဲ့တာနဲ့ ပတ်သက်လို့ ဥပဒေကျွမ်းကျင်သူတွေနဲ့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေက အကူ အညီပေးဖို့ ပြောဆိုထားတာလည်း ရှိပါတယ်။
မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့နဲ့ ကျောက်တံတားမြို့နယ်ရဲစခန်းကတော့ ကွင်းစက်တရားခံအားလုံးကို တလအတွင်းဖမ်းဆီပေးမယ်လို့ မိသားစုဝင်တွေကို ပြောဆိုထားသလို ကျားဖောင်ပိုင်ရှင်တွေကို အမှုဖွင့်နိုင်အောင် ဥပဒေကျွမ်းကျင်သူတွေနဲ့ တိုင်ပင်နေတယ်လို့ အစ်ကို ဖြစ်သူ ကိုအောင်သော်ဇင်ထွန်းက ပြောပါတယ်။
ကိုမြတ်သူရထွန်းကို ပင်လယ်ကျားဖောင်၂ခုမှာ အချိန်တစ်လခွဲလောက် အလုပ်ခိုင်းစေခဲ့ပြီး ဖောင်ဦးစီးရဲ့နှိပ်စက်ခိုင်းစေမှုကြောင့် ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာတွေအပြင် စိတ်ပိုင်းဆိုင်ရာထိ ခိုက်ခဲ့တဲ့အပေါ် ဆေးဝါးကုသမှုခံယူထားရသလို မိသားစုဝင်တွေကတော့ သူ့ကိုသတင်း မီဒီယာ တွေနဲ့ ပြောဆိုခွင့်ကိုပါ တားမြစ်ထားပါတယ်။
မိသားစုဝင်တွေကတော့ ဥပဒေကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီး ကျူးလွန်သူတွေကို တရားစွဲ နိုင်မယ့် ပုဒ်မတွေနဲ့ တရားစွဲဆိုသွားမယ်လို့လည်း ဆိုပါတယ်။
လူကုန်ကူးမှုဟာ လူမှုအသိုက်အဝန်းကြားမှာ လက်ခံလို့ရတဲ့အရာ မဟုတ်သလို ထောင်ဒဏ် တသက်အထိ အပြစ်ပေးနိုင်ပြီး နှိပ်စက်ညှဉ်းပမ်းမှုစတဲ့ ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ပါ အရေးယူလို့ ရတယ်လို့ အငြိမ်းစားရဲမှူးချုပ် ဦးဝင်းခေါင်းက ရှင်းပြပါတယ်။
မိသားစုဝင်တွေက ကိုမြတ်သူရထွန်းပျောက်ဆုံးနေတဲ့အပေါ် ရဲတပ်ဖွဲ့အကူအညီမပါဘဲ ကိုယ်တိုင်ရှာဖွေဖော်ထုတ်ပြီး ငွေကျပ် ၇ သိန်းနဲ့ပြန်ရွေးလာခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ကသတ်မှတ်ထားတဲ့ သံသယတရားခံထဲမှာ လူပွဲစားအမျိုးသားတဦးနဲ့ ကျားဖောင်ဦး စီးကို နိုဝင်ဘာ ၂၄ရက်က ဖမ်းဆီးထားသလို ကိုမြတ်သူရထွန်းနဲ့အတူ အလုပ်လုပ်ခဲ့တဲ့ မိတ်ဆွေ၂ ဦးကိုလည်း ကယ်ဆယ်ထားပြီးဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။