Home
မြန်မာသတင်း
“ငါ လွတ်ပြီဆိုပြီးတော့ မလုပ်ဖို့က အရေးကြီးတယ်”  ဦးသိမ်းကြည် (ရုပ်သံ)  
အာကာ
·
November 26, 2019
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (အိုင်စီဂျေ)မှာသွားရောက် တရားရင်ဆိုင်ရာမှာ  ငါလွတ်ပြီဆိုပြီးတော့ မလုပ်ဖို့က အရေးကြီးတယ် လို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ House of Orchid မှာ ကျင်းပတဲ့ နိုင်ငံရေးပါတီတွေရဲ့ စုပေါင်း သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အိုင်စီဂျေ တရားရုံးမှာ တရားစွဲထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောသွားတာပါ။ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က “ကျနော်တို့နိုင်ငံမှာ အကြီးအကဲ နိုင်ငံတော်အတိုင်ပင်ခံက ဘယ်နိုင်ငံသွားသွား ၄ နှစ်အတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံလို့ ခေါင်းစဉ်တပ်ထားတယ်။ ဒီနေ့မှာ နိုင်ငံခြားရေးဝန်ကြီးလို့ တပ်လာတယ်။ ဘာလို့လဲ။ နိုင်ငံခြားရေးဝန်ကြီးတယောက်က သံခင်းတမန်ခင်းနဲ့ သွားရှင်းရင် ကင်းလွတ်ခွင့်ရနေတာ။ အဲဒါကို မြင်စေချင်တယ်။ ကျနော် တောင်းပန်ချင်တာက ဘာလဲဆိုရင် ကျနော်တို့ ပြည်တွင်းရေးမှာရှိတဲ့ကိစ္စကို ဘယ်တော့မှ မပြောဘူး၊ နိုင်ငံခြားရောက်တဲ့အခါကျမှ ပြည်တွင်းရေးကို ဖောက်သည်ချပြီး ပြောခဲ့တာတွေ ရှိတယ်။ ကျနော် တောင်းပန်ချင်ပါတယ်။ ကျနော်တို့နိုင်ငံမှာရှိတဲ့ လူတွေကို ဘယ်သူမှ ဒုက္ခမပေးခဲ့ပါနဲ့။ မပြောခဲ့ပါနဲ့။ အားကိုးပါတယ်။ ဒါလေးတော့ ကျနော် ပြောချင်တယ်။ တကယ်တမ်း ပြောပြီဆိုရင် တာဝန်အရှိဆုံးက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်၊ အဲဒီနှစ်ယောက်ကို ထိုးချပါလား။ ကယ်မပေးပါ၊ စောင့်ရှောက်ပေးပါ။ ငါ လွတ်ပြီဆိုပြီးတော့ မလုပ်ဖို့က အရေးကြီးတယ်။ ကျနော်တို့ နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်မယ်လို့ ပြောတယ်။ ယုံကြည်ပါတယ်။ ကာကွယ်ပေးပါ။” လို့ ပြောပါတယ်။  မြန်မာနိုင်ငံကို အိုင်စီဂျေတရားရုံးမှာ တရားစွဲဆိုဖို့ ဖြစ်လာတဲ့ အခြေအနေဟာ ကိုဖီအာနန် အစီရင်ခံစာကနေ စတင်ခဲ့တာလို့လည်း  အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဦးသိမ်းကြည်က ပြောကြားသွားပါတယ်။  “ဒီနေ့ ဒီအချိန်အခါ ရောက်လာတဲ့ အနေအထားက ၂၀၁၆ ကနေ စခဲ့တဲ့ ဇာတ်လမ်းပါ။ အဲဒီဇာတ်လမ်းက ကိုဖီအာနန် အစီရင်ခံစာ စတာပါ။ ကျနော်တို့ ဇာတ်လမ်းတွေ တင်တဲ့အခါ ကိုဖီအာနန် အစီရင်ခံစာဟာ လိုက်လုပ်စရာ မလိုဘူးလို့ ပြောပေမယ့် UN ကို ရောက်တဲ့အခါကျတော့ Road Map ဆောင်ရွက်ပါမယ်လို့ ကတိပေးပြီးသွားပြီ။ ကိုဖီအာနန် စာကြောင့် ဘယ်ဟာတွေ ကောင်းတယ်လို့ ပြောတယ်။ ဘယ်ဟာတွေ ဆိုးတယ်ဆိုတာ မပြောဘူး။ ကျနော်တို့က ဆိုးတာက စိုးရိမ်တာ။ ဒါလေးတွေက အများကြီး စဉ်းစားဖို့ လိုတယ်။”  အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  ဗဟို အလုပ်အမှုဆောင် ဦးလှသိန်း၊ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသား တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်ဖြိုးကျော်၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ထွန်းခိုင် စသူတို့ကလည်း အိုင်စီဂျေ အမှုကိစ္စနဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ဂမ်ဘီယာနို်ငငံရဲ့ တရားစွဲဆိုချက်ကို တုံ့ပြန်ဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးအဖြစ်  ဦးဆောင်ပြီး သည်ဟိဂ်မြို့ကို သွားရောက်မယ်လို့ အစိုးရက ကြေညာထားပါ တယ်။  ဒီအမှုအတွက် ၂၀၁၉ ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ  နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ  ကြားနာမှုတွေ စတင် ပြုလုပ်မှာပါ။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024