ဂူတာပြင်ရွာဖြစ်စဉ်ကို စစ်ခုံရုံးဖြင့် ယနေ့စတင်စစ်ဆေး
DVB
·
November 26, 2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ရွာမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်တရားရုံး(Court-Martial)နဲ့ စစ်ဆေးစီရင်မှု ဒီကနေ့ စတင်မယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကြေညာပါတယ်။
တပ်မတော်အက်ဥပဒေ၊ တပ်မတော်နည်းဥပဒေမျာနဲ့ အညီဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးက ဂူတာပြင်ကျေးရွာဖြစ်စဉ်တချို့မှာ စစ်တရားရုံးနဲ့ စစ်ဆေးစီရင်သင့်တယ်လို့ တင်ပြခဲ့လို့ စစ်ဘက်တရားစီရင်ရေး လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်တာလို့ ဆိုပါတယ်။
ဒါ့ကြောင့် ပြစ်မှုကျူးလွန်တယ်လို့ ကနဦးတွေ့ရှိရသူတွေအပေါ် အကျဉ်းစစ်တရားရုံးချုပ် (Summary General Court-Martial) နဲ့ ရုံးထိုင်စစ်ဆေးခြင်းကို ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဘူးသီးတောင်မြို့ နယ်မြေခံတပ်မှာ စတင်စစ်ဆေးဆောင်ရွက်မှာဖြစ်တယ်လို့ တပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တပ်မတော်အနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်(Independent Commission of Enquiry- ICOE) နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ICOE ရဲ့ အစီရင်ခံစာ ထွက်ရှိလာချိန် အစီရင်ခံစာမှာ တပ်မတော်သားတွေက ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ပတ်သက်မှုရှိပါက ဥပဒေနဲ့ အညီ ဆက်လက်စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်သွားမယ်လို့လည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂ဝ၁၇ ဩဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ဖြစ်စဉ်တွေအပြီးမှာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းစစ်ရေးဆောင်ရွက်မှုအတွင်း သေဆုံးခဲ့တဲ့ ရာနဲ့ချီတဲ့ လူတွေရဲ့ ရုပ်အလောင်းတွေကို ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီးမှာ မြှုပ်ထားတယ်လို့ အေပီသတင်းဌာနက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က သတင်းထုတ်ခဲ့တာဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး တပ်မတော်နည်းဥပဒေတွေအရ ဖွဲ့စည်းခဲ့တဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry)ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေကို နှစ်ကြိမ်တိုင်တိုင် သွားရောက်စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးခဲ့တဲ့ ၂ ကြိမ်အတွင်း တွေ့ရှိချက်တွေအရ ဂူတာပြင်ရွာ ဖြစ်စဉ်တချို့မှာ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ အားနည်းခဲ့တာကြောင့် စစ်စည်းကမ်းအရ အရေးယူဖို့ အခြေအနေ ပေါ်ပေါက်နေတာကို တွေ့ရတယ်လို့ လည်း တပ်မတော်ဘက်က ပြောထားပါတယ်။