တမူးမြို့နယ် ဒေသခံများနှင့် တိုင်းအဆင့် မဏ္ဍိုင် ၃ ရပ်တွေ့ဆုံ
Aung Ko Latt
·
November 25, 2019
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ တိုင်းလွှတ်တော်ဥက္ကဌ၊ တိုင်းတရားသူကြီးချုပ်၊ တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေနှင့် ဒေသခံပြည်သူတွေ နိုဝင်ဘာလ ၂၅ ရက်နေ့က တမူးမြို့မှာ တွေ့ဆုံခဲ့ပါတယ်။
အခုလိုတွေ့ဆုံရတာက လက်ရှိအစိုးရအဖွဲ့က လုပ်ဆောင်နေတာတွေ၊ မူဝါဒတွေကို ပြည်သူလူထုထံ ချပြရှင်းလင်းတာဖြစ်သလို ဒေသခံတွေရဲ့အခက်အခဲ၊ ခံစားချက်၊ လိုအပ်ချက်ကို အစိုးရထံ တိုက်ရိုက်တင်ပြနိုင်အောင် ရည်ရွယ်ကာ ပြုလုပ်တာလည်းဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ အစိုးရအဖွဲ့က ဝန်ကြီးဌာနအလိုက် စီမံလုပ်ဆောင်နေတာတွေကိုလည်း တက်ရောက်လာသူပြည်သူတွေကို ချပြရှင်းလင်းခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲကို တမူးမြို့နယ်အပြင် ခမ်းပတ်၊ မြို့သစ် စတဲ့မြို့လေးတွေက ပြည်သူတွေလည်း လာရောက်ခဲ့ကြပါတယ်။
အခုလိုတွေ့ဆုံပွဲကို တမူးမြို့တင်မက တိုင်းအတွင်းက အခြားသောမြို့တွေမှာလည်း ကျင်းပခဲ့ပြီး တချို့မြို့နယ်တွေကတော့ မလုပ်ဆောင်နိုင်သေးပါဘူး။
အခုလိုတွေ့ဆုံတဲ့အပေါ်မှာတော့ ပြည်သူတွေက ကျေနပ်မှုရှိပြီး မေးခွန်းတွေ အားလုံး မေးခွင့်မရတဲ့ အပေါ်မှာလည်း ဝေဖန်မှုတွေရှိပါတယ်။
တမူးမြို့က တွေ့ဆုံပွဲမှာတော့ ဒေသခံတွေက ပညာရေး၊ ကျန်းမာရေး၊ ရေရှိရေး၊ လမ်းစတဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေ မေးမြန်းခဲ့ကြသလို အစိုးရကို တိုင်ကြားစာ ၅ စောင်ရှိခဲ့ ပါတယ်။